ငလျင်ဒဏ်ခံရသည့် အင်းလေးဒေသအတွင်း ထိရောက်သော အကူအညီများ ပေးအပ်နိုင်ရေး သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံးနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA)က အသိပေးထားသည်။
အင်းလေးဒေသအတွင်း အရေးပေါ်ထောက်ပံ့မှုတစ်ရပ်အဖြင့် ညောင်ရွှေမြို့နယ် နန့်ပန်ဆေးရုံနှင့် တောင်ကြီးမြို့နယ် စဝ်စံထွန်းဆေးရုံကြီးသို့သွား ရောက်၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူ ဒေသခံပြည်သူ (၄၇) ဦးအား တစ်ဦးလျှင် ကျပ်ငွေ (၂၀၀,၀၀၀ )နှုန်းဖြင့် ကူညီပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် မြေငလျင်ဒဏ်ကြောင့် အိုးအိမ်များပျက်စီးသဖြင့် ခေတ္တခိုလုံရန်ရောက်ရှိနေကြသော ညောင်ရွှေမြို့နယ် နောင်ကန် နှင့် တိတ်နန်းဘုန်းတော်ကြီးကျောင်းရှိ ငလျင်ဘေးရှောင်ပြည်သူများကိုလည်း ကျပ်သိန်း (၅၀) နှင့် (၃၀) အသီး သီးပေးအပ်ကူညီခဲ့ကြောင်း အသိပေးထုတ်ပြန်ထားသည်။
နောက်ပိုင်းတွင် RCSS/SSA အနေဖြင့် လူသားချင်းစာနာထောက်ထားမှုကိုရှေ့ထား၍ ကူညီပံ့ပိုးမှုများရရှိရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းဆိုသည်။
ယခု လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် အဆောက်အဦးနှင့် ပြည်သူအများအပြား ထိခိုက်သေဆုံးမှုနှင့် ဒဏ်ရာရမှုများစွာရှိကြောင်း သိရှိရသည့်အတွက် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော်(RCSS/SSA)က လူထုအားလုံးနှင့်ထပ်တူ အလွန်ဝမ်းနည်း ကြေကွဲရကြောင်း အသိပေးထုတ်ပြန်ထားသည်။