ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများ၊ တာဝန်ရှိသူများ ဧပြီ ၅ ရက်က နေပြည်တော်၌တွေ့ဆုံကာ ငလျင်ဒဏ်နှင့်ပတ်သက်၍ ဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။
ဆွေးနွေးပွဲတက်ရောက်လာသည့် အာဟစင်တာ အမှုဆောင်ညွှန်ကြားရေးမှူး၊ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဝင် ကျန်းမာရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ်တို့က ငလျင်ဘေးတွေ့ကြုံပြီး(၉)ရက်မြောက်နေ့အထိ ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးလျက်ရှိမှု၊ လိုအပ်ချက်များ၊ ပြန်လည်ထူထောင်ရေးအဆင့်တွင်လိုအပ်လာမည့် ကျန်းမာရေးဆိုင်ရာ၊ ရေ၊ မီး စသည့် အခြေခံအဆောက်အအုံဆိုင်ရာ လိုအပ်ချက်များကို တင်ပြခဲ့ကြသည်။
ထို့နောက် ဝန်ကြီးဦးသန်းဆွေအပါအဝင် တတက်ရောက်လာကြသူများက ကျန်းမာရေးသုံးပစ္စည်းများနှင့် ဆေးဝါးများ၊ ရွှေ့ပြောင်းနိုင်သည့် ဆေးခန်းနှင့် ခွဲစိတ်ခန်းများ၊ ရေ၊ မီး၊ အခြေခံအဆောက်အအုံ၊ ယာယီရွက်ဖျင်တဲများ၊ ခြင်ထောင်များ စသည့် အထောက်အပံ့ပစ္စည်းများ ဦးစားပေးရယူပံ့ပိုးနိုင်ရေးနှင့် ပြန်လည်ထူထောင်သည့် လုပ်ငန်းစဉ်သို့ ကူးပြောင်းမှုချောမွေ့စေရေးနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများက ဆက်လက်ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။