ငလျင်ဒဏ်သင့်ခဲ့ရသည့် သာသနိကနှင့်ဘာသာရေးဆိုင်ရာအဆောက်ဦးများ၊ ပညာရေး၊ ကျန်းမာရေးနှင့် အများနှင့်သက်ဆိုင်သော အဆောက်အဦးများအား အဆောက်အဦးတစ်ခုချင်းအလိုက် တာဝန်ယူ၍ ပြုပြင်မွမ်းမံအသစ်တည်ဆောက် လှူဒါန်းလိုသူများအနေဖြင့် ပါဝင်လှူဒါန်းနိုင်ကြောင်း ဖိတ်ခေါ်ထားသည်။
မတ် (၂၈) ရက်တွင် မန္တလေး မြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၂၁) ကီလို မီတာကွာဝေးသည့် မြန်မာနိုင်ငံပြည်တွင်း အနက် (၁၀) ကီလိုမီတာကိုဗဟိုပြု၍ ပြင်းအား (၇.၇) ရစ်(ခ်)တာစကေးရှိ အလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် သာသနိကနှင့် ဘာသာရေးဆိုင်ရာအဆောက်ဦများ၊ ပညာရေး၊ ကျန်းမာရေးစသည့် အများနှင့်သက်ဆိုင်သော အဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့ရသည်။
အဆိုပါ အဆောက်အဦးများအနက် အဆောက်အဦးတစ်ခုချင်းအလိုက် တာဝန်ယူ၍ ပြုပြင်မွမ်းမံ အသစ်တည်ဆောက်လှူဒါန်းလိုသူများအနေဖြင့် တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ ရာသက်ပန်ကမ္ဗည်းထိုး၍ ပါဝင်လှူဒါန်းနိုင်ကြောင်းနှင့် လှူဒါန်း လိုသူများအနေဖြင့် သက်ဆိုင်ရာဌာနများသို့လည်းကောင်း၊ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီမှဖော်ပြထားသည့် ပုဂ္ဂိုလ်များထံသို့လည်းကောင်း ဆက်သွယ် လှူဒါန်းနိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။