ငလျင်ဒဏ်သင့်ခဲ့သည့် မန္တလေးတိုင်းသို့ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မတ် ၂၉ ရက်နံနက်အစောပိုင်းက သွားရောက်ကြည့်ရှု၍ ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အမြန်ဆုံးဆောင်ရွက်ရန် မှာကြားခဲ့သည်။
နစက ဥက္ကဋ္ဌမှ မန္တလေးတိုင်းအတွင်း၌ ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများအား ရဟတ်ယာဥ်ဖြင့်ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် အလယ်ပိုင်းတိုင်းစစ် ဌာနချုပ်၊ အစည်းအဝေးခန်းမ၌ မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများကို မှာကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် နစက ဥက္ကဋ္ဌသည် မန္တလေးတိုင်းအတွင်း၌ ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများအား ဆက်လက်ကြည့်ရှုစစ်ဆေးသွားမည်ဖြစ်သည်။
မန္တလေးတိုင်းအတွင်း လက်ရှိအချိန်အထိ နောက်ဆုံးကောက်ယူရရှိသောစာရင်းများအရ ငလျင်ဒဏ်ကြောင့် ေ-သဆုံးခဲ့ရသူ(၆၉၄)ဦး၊ ဒဏ်ရာရရှိသူ (၁၆၇၀)ဦးနှင့် ပျောက်ဆုံးနေသူ(၆၈)ဦးရှိကာ အသေးစိတ်စာရင်းများအား ဆက်လက်ကောက်ယူ လျက်ရှိသည်။