မြန်မာနိုင်ငံရှိ ငလျင်ဘေးသင့်ပြည်သူများအတွက် ရန်ကုန်ယူနိုက်တက်ဘောလုံးအသင်းမှ ကျပ်သိန်း ၁,၁၀၀ မတည်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုထောက်ပံ့လှုဒါန်းမည့်အစီအစဉ်အား ရန်ကုန်ယူနိုက်တက်ဘောလုံးအသင်းမှ ဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇ ဦးဆောင်၍ အုပ်ချုပ်သူအဖွဲ့ဝင်များ၊ နည်းပြများ၊ ကစားသမားများ နှင့်အတူ မိတ်ဖက်လုပ်ငန်းများစုပေါင်း၍ လှုဒါန်းခြင်းဖြစ်သည်ဟု အသင်းက အသိပေးထားသည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် မိဘပြည်သူများနှင့်အတူ တည်ထောင်ထားသည့်အသင်းဖြစ်သောကြောင့် ယခုအချိန်တွင် ပြည်သူများနှင့်အတူတသားတည်း ရပ်တည်နေသည်ဟု အသင်းဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇက ပြောကြားထားသည်။
“ငလျင်ဒဏ်ကြောင့် နစ်နာဆုံးရှုံးခံခဲ့ရသူများနှင့် တသားတည်းအတူရှိနေကြောင်း ကိုဤနေရာမှပြောကြားပါရစေ။ မိဘပြည်သူ ပရိတ်သတ်များ နှင့်အတူ တည်ထောင်ထားသောအသင်းတစ်သင်းအနေဖြင့် ယခုလိုအချိန်မှာ ပြည်သူများနှင့်အတူတကွ ရပ်တည်နေဖို့တာဝန်ရှိတယ်လို့ခံယူပါတယ်။” ဟု ဆို သည်။
ယခု မတ်လ(၂၈)ရက်နေ့က ဖြစ်ပွားခဲ့သော ငလျင်လှုပ်ခတ်မှုဖြစ်စဉ်နှင့်ပတ် သက်၍ ပြည်တွင်း ဘောလုံးကလပ်အသင်းများကလည်း ထက်တူဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်းနှင့် ဘေးအန္တရာယ်ကင်းစေရန် ဆုတောင်းမေတ္တာ ပို့ထားကြသည်။
ယမန်နေ့ မတ် (၂၈) ရက် မွန်းတည့် ၁၂ နာရီ ၅၁ မိနစ် ၂ စက္ကန့်က မန္တလေးမြို့၏ အရှေ့မြောက်ဘက်(၂၀) ကီလိုမီတာခန့်အကွာ၊ မြောက်လတ္တီတွဒ်(၂၂ ဒသမ ၀၉)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ်(၉၆ ဒသမ ၂၃)ဒီဂရီ၊ အနက်(၁၀)ကီလိုမီတာကိုဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၇ ဒသမ ၇)အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီးနောက် နောက်ဆက်တွဲငလျင်ငယ်များလည်း ထပ်မံလှုပ်ခတ်ခဲ့ကြောင်း သိရသည်။
ဓါတ်ပုံ – ပြည်မြို့နယ်အရန်မီးသတ်တပ်ရင်းရုံး