မကြာခင်က လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ပူပန်သောကများခြင်း လက္ခဏာများနှင့် ငလျင်မူးခြင်းဟု သိကြသော ဝေဒနာတို့ကို ဒေသခံများအနေဖြင့် သတိပြုကြရန် ကျန်းမာရေး တာဝန်ရှိသူများက တိုက်တွန်းခဲ့သည်။
ငလျင်လှုပ်ခတ်မှုဖြစ်စဉ်များနှင့်အကျွမ်းတဝင်မရှိသော သဘောသဘာဝသည်အွန်လိုင်းသတင်းအချက်အလက်များကို တွေ့သိရချိန်တွင် ပိုမိုဆိုးဝါးလာကာလူများစွာတွင် ပြင်းထန်သော တုန့်ပြန်မှုများ ဖြစ်ပေါ်စေသည်ဟု စိတ်ကျန်းမာရေးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ Varoth Chotpitayasunondh က ရှင်းပြသည်။
ပူပန်သောက များရခြင်းသည် ယင်းကဲ့သို့ သဘာဝဘေးမျိုးတွင် ပုံမှန်တုန့်ပြန်မှု တစ်ခုဖြစ်သော်လည်း အစဉ်တစိုက်ဆက်ဖြစ်နေသော စိတ်ဖိစီးမှုနှင့် စိတ်ခံစားချက်ဆိုင်ရာ အပြောင်းအလဲများကို စောင့်ကြည့်ရန် အရေးကြီးသည်ဟု သူက အလေးပေး ပြောကြားခဲ့သည်။
“လူတစ်ဦးချင်းစီအလိုက်ဟာ သူတို့ရဲ့ စိတ်ခံစားချက်၊ အတွေးအမြင်တွေနဲ့ အပြုအမူဆိုင်ရာ အပြောင်းအလဲတွေကို အကဲဖြတ်သင့်ပါတယ်” ဟု ဒေါက်တာ Varoth က အကြံပြုသည်။
အခြေအနေနှင့် လိုက်လျောညီထွေဖြစ်စေရန် ခက်ခဲပြီး စိတ်ဖိစီးလွန်ရောဂါကဲ့သို့ အခြေအနေများ ဖြစ်ပေါ်စေနိုင်သောကြောင့် စိုးရိမ်ကြောင့်ကြမှု အကြောင်းအရာအတိအကျကို ဖော်ထုတ်ရန် အရေးကြီးသည်ဟု ဆိုသည်။
ထို့အပြင် ငလျင်လှုပ်ခတ်မှု ပြီးသွားသည့်တိုင် မူးဝေမှု ဆက်ရှိနေနိုင်သည့် “ငလျင်မူးခြင်း” သို့မဟုတ် ငလျင်အလွန် မူးဝေခြင်းရောဂါ(PEDS) ဖြစ်စဉ်ကိုလည်း သူက အလေးပေး ပြောကြားခဲ့သည်။
ယင်းကို တစ်ခါတရံတွင် “Jishin-Yoi” ဟု ရည်ညွှန်းလေ့ရှိပြီး ဖြစ်ရပ်နှင့်ပတ်သက်သော ခန္ဓာကိုယ်၏ ဆက်လက်ထိန်းညှိမှုကို ဆိုလိုသည်။
မူးဝေခြင်းကို လျော့ပါးစေရန်အတွက် အနားယူခြင်း၊ အားအင် အလွန်အကျွံ့မသုံးခြင်း၊ မူးဝေသောအခါ ထိုင်နေခြင်း၊ ရေဓါတ်ပြည့်ဝအောင် နေထိုင်ခြင်း၊ ရောင်ပြန်ဟပ်သော ဖန်သားပြင်များကို မကြည့်ခြင်းတို့လုပ်ဆောင်ရန် ဒေါက်တာ Varoth က အကြံပြုခဲ့သည်။ ရောဂါ လက္ခဏာများ တစ်ပတ်ထက်ကျော်လွန်ရှိနေပါက ဆေးကုသမှု ချက်ချင်းခံယူရန် သတိပေးထားသည်။
ငလျင်၏ သက်ရောက်မှုသည် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုထက် ကျော်လွန်ကာ အသက်ရှင်လွတ်မြောက်သူများစွာကို စိတ်ပိုင်းဆိုင်ရာ ထိခိုက်လွယ်စေကြောင်း သတိပြုမိသည်ဟု ထိုင်း ကျန်းမာရေးမြှင့်တင်ရေး ဖောင်ဒေးရှင်းမှ ဒေါက်တာ Pairoj Saonuam က ပြောဆိုခဲ့သည်။
နေ့စဉ်ဘဝအတွက် သိသိသာသာ အနှောင့်အယှက်ဖြစ်စေသည်အထိ ကြုံနေကြရပါက အကူအညီ ရယူသင့်သည်ဟု သူက အကြံပြုခဲ့သည်။
Ref: သည်နေရှင်း