အကယ်ဒမီပွဲကြီး နီးလာပြီဆိုတော့ ရုပ်ရှင် လောကသားတွေ ရင်ထဲမှာ ထူးထူးခြားခြားလှုပ်ခတ်လာပြီ။ သူရနိုး၊ ငါရနိုးနဲ့ ရင်ခုန်နေကြပြီ။ဘယ်သူရမလဲဆိုပြီး အချင်းချင်း တီးတိုးတီးတိုးသဖန်းပိုးလုပ် နေကြသည်။ ရုပ်ရှင်အစည်းအရုံးတွင်လည်း၊ အစည်းအဝေးတွေ အကြိမ်ကြိမ်လုပ်ပြီး၊ စပွန်ဆာကိစ္စ၊ ရွှေကြိုကိစ္စ၊ အကယ်ဒမီစင်မြင့်ကိစ္စ၊ ဖျော်ဖြေရေးကိစ္စတွေဖြင့်၊ အမှု ဆောင်လူကြီးတွေ ကိုယ့်တာဝန် ကိုယ်အသီးသီးယူပြီး နေ့စဉ်မအား လှုပ်ရှားနေကြပြီဆိုပါတော့။
“အကယ်ဒမီ” ဆိုတာကတော့ ရုပ်ရှင်လောကသားတွေအတွက် အထူးမျှော်လင့်ရသော အောင်မြင်မှု မှတ်တိုင်တစ်ခုပဲ မဟုတ်လား။ မြန်မာ့ရုပ်ရှင် အဆင့်အတန်း မြှင့်တင်ရေး အကဲဖြတ်အဖွဲ့ကို ၁၉၅၂ ခုနှစ်က စတင်ဖွဲ့စည်းပြီး ပထမအကောင်းဆုံး ဇာတ်ကားဆုအတွက် ရွှေ ကိန္နရီရုပ်၊ ဒုတိယအကောင်း ဆုံး ဇာတ်ကားဆုအတွက် ငွေဒေါင်းရုပ်၊ တတိယ အကောင်းဆုံးဇာတ်ကားဆုအတွက် ကြေးခြင်္သေ့ရုပ်၊ အကောင်းဆုံးအမျိုးသားပညာ သည်ဆုအတွက် ရွှေရင်ထိုး၊ အကောင်းဆုံး အမျိုးသမီးပညာသည် ဆုအတွက် ရွှေရင်ထိုးချီးမြှင့်ခဲ့ပါသည်။
၁၉၅၄ခုနှစ် ဒါရိုက်တာ ထူးချွန် ဆုကို တိုးမြှင့်ချီးမြှင့်သည်။ ၁၉၅၅ ခုနှစ်တွင် ဇာတ်ကားဆု ထူးချွန်ဆုကို ပထမ၊ ဒုတိယ၊ တတိယဆု ဟူ၍မခွဲ ခြားတော့ဘဲ အကောင်းဆုံးဇာတ် ကားဆု တစ်ဆုတည်းကိုသာ ရွှေကိန္နရီရုပ် ချီးမြှင့်ခဲ့သည်။ ၁၉၅၆ခုနှစ် ဓာတ်ပုံဆုတစ်ဆု ထပ်မံတိုးချဲ့ ချီးမြှင့်ခဲ့သည်။ ၁၉၆၂ ခုနှစ် အမျိုးသားပညာသည်ဆု၊ အမျိုးသမီးပညာသည်ဆုများကို အမျိုးသားဇာတ်ဆောင်ဆု၊ အမျိုး သမီးဇာတ်ဆောင်ဆု၊ အမျိုးသား ဇာတ်ပို့ဆု၊ အမျိုးသမီး ဇာတ်ပို့ဆု ဟူ၍ ထပ်မံခွဲခြားကာ ထူးချွန်ဆု အရေအတွက်ကို တိုးမြှင့်ချီးမြှင့်ခဲ့ သည်။ ၁၉၉ဝပြည့်နှစ်မှစ၍ ရုပ်ရှင် ဇာတ် ညွှန်းဆု၊ ရုပ်ရှင်တေးဂီတ ထူးချွန်ဆုနှင့် ရုပ်ရှင်အသံထူး ချွန်ဆုတို့ကို ထပ်မံ တိုးမြှင့်ခဲရာ စုစုပေါင်း မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ၁၁မျိုးအထိ ချီးမြှင့်သတ် မှတ်ခဲ့သည်။
မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ၁၁မျိုး၏ စာရင်းမှာ
(၁) ဇာတ်ကားဆု
(၂) ဒါရိုက်တာဆု
(၃) အမျိုးသားဇာတ်ဆောင်ဆု
(၄) အမျိုးသမီး ဇာတ်ဆောင်ဆု
(၅) အမျိုးသားဇာတ်ပို့ဆု
(၆) အမျိုးသမီး ဇာတ်ပို့ဆု
(၇) ရုပ်ရှင်ဓာတ်ပုံဆု
(၈) ရုပ်ရှင်ဇာတ်ညွှန်းဆု
(၉) ရုပ်ရှင်တေးဂီတဆု
(၁ဝ)ရုပ်ရှင်အသံဆု
(၁၁) ရုပ်ရှင်တည်းဖြတ်ဆု ဟူ၍ဖြစ်၏။
ယခင်က နိုင်ငံတော်မှာ ရုပ်ရှင်ထူးချွန်ဆုပွဲကြီးကို ကျင်းပပေးခဲ့ရာ ၂ဝ၁၃ ခုနှစ်မှစပြီး ရုပ်ရှင်လောကသားများတောင်းဆိုမှုကြောင့် ရုပ်ရှင်အစည်းအရုံးမှ ကြီးမှူး၍ အကယ်ဒမီ ပွဲကို ကျင်းပခွင့်ရရှိခဲ့တာ ဖြစ်သည်။ တောင်းဆိုသူတွေက တောင်းဆိုသွားသော်လည်း တကယ်တမ်းပွဲကြီးဖြစ်မြောက်သွားအောင် လုပ် ကိုင်ခဲ့ရသော မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှဥက္ကဋ္ဌနှင့်တကွ အဖွဲ့ဝင်များမှာ နေ့ညမနား၊ အား လပ်သည့်အချိန်မရှိဘဲ အကယ် ဒမီဖြစ်မြောက်ရေးအတွက် ကြိုတင် ပြင်ဆင် လုပ်ကိုင်ကြရသည်။
အကယ်ဒမီအကဲဖြတ် အဖွဲ့ဝင် များ ဖွဲ့စည်းရသည်။ တစ်နှစ်အတွင်း ပြသသည့် ရုပ်ရှင်ဇာတ်ကားများ စာရင်းပြုစု၍ အကြိမ်ကြိမ်အခါခါ ကြည့်ရှုဖို့ စီမံရသည်။ ဆုရရှိသူတို့ အတွက် ချီးမြှင့်ဖို့ ရွှေစင်ရုပ် တစ်ရုပ်တွင် ရွှေနှစ်ကျပ်သားရှိ ကြယ်ပွင့်တပ်ထားရာ ထူးချွန်ဆု ၁၁ ဆုအတွက် ရွှေ၂၂ကျပ်သား၊ ယခု ခေတ် ပေါက်ဈေးနှင့် ငွေ တစ်ရာ့ ရှစ်ဆယ်ကုန်ကျခံရသည် ဖြစ်သည်။ ထိုရွှေကြယ်တန်ဖိုးငွေ စပွန်ဆာ ပေးမည့်သူမရှိလျှင် အစည်းအရုံး၏ ရန်ပုံငွေထဲမှ သုံးစွဲရမှာ ဖြစ်သည်။ ၂ဝ၁၄-၂ဝ၁၅ ခုနှစ်အတွက်တော့ အောင်သမာဓိရွှေဆိုင်မှ ပံ့ပိုးကူညီ သွားသည်ဖြစ်ပြီး၂ဝ၁၆ ခုနှစ်အတွက် ရွှေကြယ်ပွင့်များကို ဝိန့်စိန်ရွှေဆိုင်မှ ပံ့ပိုးကူညီမည်ဖြစ်သည်။
ရွှေကြိုမောင်မယ်လေးများ ရွေးချယ်ရသည်မှာလည်း အရေးကြီး သည့် ကစ္စတစ်ခုဖြစ်ရာ၊ ရွှေကြိုရွေး ချယ်ပေးသည့် အဖွဲ့ဖွဲ့ကာ ရုပ်ရှင် အနုပညာ ဝါသနာပါသူလူငယ် များ ထဲမှ အချောအလှလေးများရွေးချယ် ကာ သူတို့အတွက် ဝတ်စား ဆင်ယင်မှု၊ လမ်းလျှောက်ပုံ၊ အကယ်ဒမီ ရရှိမည့်သူ ကြိုဆိုပုံတွေသင်ကြား ပြသရသေးသည်။ ပွဲကျင်းပမည့် နေရာစဉ်းစားရှာဖွေရရှိအောင် ကြိုး ပမ်းရတာလည်းလွယ်ကူသည်တော့ မဟုတ်ပါ။
ယခုနှစ် ၂ဝ၁၆ခုနှစ် ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်မည့် အခမ်းအနားကိုတော့ ပြည်သူ့ရင်ပြင်မှာ ကျင်းပ ခွင့်ရထားသည်။ အကယ်ဒမီပွဲကို အဓိကပံ့ပိုး ကူညီသူက တော့ ဘယ်လာ (Bella) အလှကုန်က ဖြစ်၏။ ရွှေပွဲလာ ပရိသတ်များအတွက် အစားအသောက် စီစဉ်ရတာလည်းရှိသည်။ ၂ဝ၁၄- ၂ဝ၁၅ ခုနှစ်က Marry Brown ကုမ္ပဏီက ဟမ်ဘာဂါ၊ ကြက်ကြော်တို့ကို အလျှံပယ် ကျွေးမွေးသွားပါသည်။ ဒီနှစ်လည်း Marry Brown မှ ဖြစ်ဖို့များပါသည်။ အကယ်ဒမီစာရင်းဝင်ဇာတ် ကား ၃၃ကားရှိရာ၊ ဆု၁၁ဆုအပြင် အထူးဆုပင် ရနိုင်မလားဟု တွေးထင်စရာရှိပါသည်။ ယခုသည် ဆောင်းပါးရေးနေသည့်အချိန်တွင် အကယ်ဒမီအဖွဲ့ဝင်များ၏ စာအိတ်များဖွင့်မဖောက်သေးပါ။ လူအများထင်ကြေးပေးနေတာကတော့ “ချစ်လှစွာသောအမုန်း” မှ သက်မွန်မြင့်၊ “အုတ်ကြားမြက်ပေါက်” မှ ထွန်းထွန်း၊ “ငဘ” မှ ကျော်သူ၊ တေးဂီတ “ဓီရာမိုရ်” စသည်ဖြင့်ပေါ့။ မည်သူပင်ရရ၊ မရသူကတော့ မကျေမနပ်ပြောဆိုစရာ အကြောင်း ရှိနေပါလိမ့်မည်။ အကယ်ဒမီ အဖွဲ့ ဝင်များက အကြိမ်ကြိမ်အထပ်ထပ် ယူကြည့်နေသော ရုပ်ရှင်ဇာတ်ကားများထဲမှာ မိမိပါဝင်သော ဇာတ်ကားပါ၊မပါ စုံစမ်းပြီးမှ အကယ်ဒမီ အိပ်မက်ကိုမက်ပါ။ သို့မဟုတ်ပါက မျှော်လင့်ချက် ကြီးကြီးထားသမျှ အကယ်ဒမီစာရင်း ကြေညာသောအခါမှ ပွဲအလယ်မှာ ရင်တနင့်နင့် နှင့် မျက်ရည်ကျရမည် ဖြစ်သည်။
အကယ်ဒမီကျင်းပမည့် အချိန် နှင့် ကိုက်ပြီး “င့ါအကယ်ဒမီ” ရုပ်ရှင်ဇာတ်ကားကလည်း ပြသဦးမည် ဖြစ်သည်။ လူငယ်ဒါရိုက်တာ “ရာဇဝင်ကို” ၏ လက်ရာဖြစ်ပြီး အကယ်ဒမီရရန် အပြိုင်အဆိုင် စိတ်ကူးယဉ်ပြီး အကယ်ဒမီမရခင် ရန်ဖြစ်ကြသည့် ရုပ်ရှင်မင်းသမီး နှစ်ယောက်နှင့် ရုပ်ရှင်လောကအကြောင်း သရော် ထားသောဇာတ်ကားဖြစ်သည်။ လက်ရှိ ဒါရိုက်တာများ၏ အမည်ကို ဖျက်၍ နာမည်ပြောင်များနှင့် အကယ်ဒမီပွဲကို သရော်ထားသော “ငါ့အကယ်ဒမီ” ကို ကြည့်ပြီး ထိခိုက် နစ်နာစရာပါရှိပါက ကန့်ကွက်မည်ဟု ပြောဆိုနေသံ ကြားရပါသည်။ သည်ဇာတ်ကားကို ရုပ်ရှင်အစည်း အရုံးဥက္ကဋ္ဌကိုယ်တိုင်နှင့် နာယက တချို့ ကြည့်ရှုပြီး ဘာပြဿနာမှ မရှိပါဘူးဟု ခွင့်ပြုထားပါသည်။ “င့ါအကယ်ဒမီ” ဇာတ်ကားပါသရော်ထားသော အကြောင်းအရာတွေမှန်၊ မမှန်တော့ မကြာမီ သိရပါတော့မည်။
ရွှင်လန်းချမ်းမြေ့ကြပါစေ
တက္ကသိုလ်ယဉ်ယဉ်လဲ့