ငွေကျပ်(၂၀၀၀၀)တန်ထွက်မည်ဟု လူမှုကွန်ယက်စာမျက်နှာများပေါ်မှတစ်ဆင့် ကောလာဟလရေးသားထုတ်လွှင့်သူများကို စီစစ်ဖော်ထုတ်အရေးယူသွားမည်ဟု ဗဟိုဘဏ်ကအသိပေးခဲ့သည်။
လူမှုကွန်ယက်စာမျက်နှာဖြစ်သည့်“အခေါက်ရွှေ ရောင်းသူ ဝယ်သူတိုက်ရိုက်” facebook Group တွင် Anonymous participant အမည်ဖြင့် ငွေကျပ်(၂၀၀၀၀)တန်ထုတ်ဝေနေပြီဖြစ်ကြောင်း” “ဒီ ၂၀၀၀၀/- ကျပ်တန်တွေက ဘယ်ကထွက်နေတာလဲ Photoshop လည်းမဟုတ်ကြည့်ရတာအတော်များများထွက်လာတာတွေ့ရတယ်” Hsung Aom အမည်ဖြင့် “ဒီနေ့ဘဏ်မှာ ငွေသွားထုတ်တာ ၂ သောင်းတန်တွေပေးလိုက်တယ်ရှင့် ၂ သောင်းတန်က တရားဝင်ထွက်နေပီးလားမသိဘူးရှင့်?”ဟူ၍ ရေးသားဖော်ပြမှုများနှင့်ပတ်သက်၍ ဗဟိုဘဏ်ကပြန်လည်ရှင်းလင်းအသိပေးခဲ့ခြင်းဖြစ်သည်။
ငွေကျပ် ၂၀,၀၀၀/- တန်နှင့်ပတ်သက်၍ ကောလာဟလသတင်းများထုတ်လွှင့်ကာ ကုန်ပစ္စည်းများဈေးကစားရန်၊ ဒေါ်လာအပါအဝင် နိုင်ငံခြား ငွေများအားဈေးကစားရန်၊ တည်ငြိမ်နေသည့် ငွေကြေးဈေးကွက်နှင့် ရွှေဈေးကွက်များပျက်ပြားစေရန်၊ နိုင်ငံတော်၏စီးပွားရေး ကမောက်ကမဖြစ်စေရန်ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်နေကြခြင်းဖြစ်သည်ဟု အသိပေးခဲ့သည်။
” ကျပ် ၂၀,၀၀၀/- တန်နဲ့ပတ်သက်ပြီး ဗဟိုဘဏ်က သတင်းမှန်တွေကိုအကြိမ်ကြိမ်ထုတ်ပြန်ပြီးဖြစ်ပါတယ်။ အခုကာလက နိုင်ငံခြားငွေဈေးနှုန်းတွေနဲ့ပတ်သက်ရင် နှစ်စဉ်ကောလာဟလထုတ်လွှင့်ပြီး ဈေးကစားတတ်တဲ့အချိန်ဖြစ်တာကို အများပြည်သူသိရှိပြီးဖြစ်ပါတယ်”ဟု ဗဟိုဘဏ်ကရှင်းလင်းပြောကြားခဲ့သည်။
ထို့ကြောင့် ဗဟိုဘဏ်အနေဖြင့် ရည်ရွယ်ချက်ရှိရှိဖြင့် သတင်းတုသတင်းယောင်ထုတ်လွှင့်သူ များအား ထိရောက်စွာအရေးယူနိုင်ရန် သက် ဆိုင်ရာတာဝန်ရှိသူများနှင့်ပူးပေါင်း၍ စိစစ်ဖော် ထုတ်အရေးယူရန် စီစဉ်လျက်ရှိသည်ဟု အသိ ပေးခဲ့သည်။
ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးနှင့်ပတ် သက်၍ FX Market Online Trading Platform မှတဆင့် နေ့စဉ်သွင်းကုန်လုပ်ငန်းရှင်များသို့ နိုင်ငံခြားငွေများအား ရောင်းချပေးခြင်း၊ နိုင်ငံခြားငွေ အရောင်းအဝယ်ဈေးနှုန်းများနှင့် ပမာဏများ၊ ရည်ညွှန်ဈေးနှုန်းများကို ဗဟိုဘဏ်၏ Website တွင်နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိသည်ဟုလည်း အသိပေးခဲ့သည်။
ထို့ပြင် ရွှေဈေးနှင့်ပတ်သက်၍ ဓာတ်သတ္ထု(ရွှေ) ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီမှ နေ့စဉ်ထုတ်သတင်းစာများတွင် ထုတ်ပြန်ပေးလျက်ရှိကာ ဈေးနှုန်းပိုမိုရောင်းချသူများအား အရေးယူသွားမည်ဖြစ်ကာ ဒေါ်လာဈေးနှင့်ရွှေဈေးများကို စိစစ်ပြီးမှသာ အရောင်းအဝယ်ပြုလုပ်ကြရန်လည်း ဗဟိုဘဏ်က အသိပေးခဲ့သည်။