နစက မှ မြန်မာနိုင်ငံ၏ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရန် စက်မှုဖွံ့ဖြိုးရေးကော်မရှင်ဖွဲ့စည်းခဲ့ကြောင်း ယနေ့ ဒီဇင်ဘာ ၁၈ ရက်က အမိန့်အမှတ် ၅၄/၂၀၂၄ ဖြင့်ထုတ်ပြန်ခဲ့သည်။
အဆိုပါ စက်မှုဖွံ့ဖြိုးရေးကော်မရှင်အား ဒု-ဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးမှ ဥက္ကဋ္ဌအဖြစ်တာဝန်ယူ၍ ဒု-ဥက္ကဋ္ဌအဖြစ် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်း၊ အတွင်းရေးမှူးအဖြစ် စက်မှုဝန်ကြီးဌာန ဒု-ဝန်ကြီးဦးရင်မောင်ညွှန့်တို့က ဆောင်ရွက်သွားမည်ဖြစ်သည်။
ထို့ပြင် အဖွဲ့ဝင်များတွင် ပြည်ထောင်စုဝန်ကြီးများဖြစ်သော ဦးခင်မောင်ရီ၊ ဦးဉာဏ်ထွန်း၊ ဦးကိုကိုလွင်၊ ဒေါက်တာမျိုးသိန်းကျော်၊ ဦးမျိုးသန့်၊ ဒု-ဝန်ကြီးများဖြစ်သည့် ဗိုလ်ချုပ်တိုးရီ၊ ဒေါ်သန်းသန်းလင်း၊ ဒေါက်တာဝါဝါမောင်၊ ဦးမြင့်စိုး၊ ဦးဝင်းရှိန်၊ ဦးမင်းမင်းတို့ပါဝင်သည်။
ထို့အတူ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံး၏ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဇော်နိုင်ဦးနှင့် UMFCCI ဥက္ကဋ္ဌ ဦးအေးဝင်းတို့မှလည်း အဖွဲ့ဝင်များအဖြစ်ပါဝင်သည်။
ယနေ့တွင် နစကမှ စက်မှုဖွံ့ဖြိုးရေးကော်မရှင် ဖွဲ့စည်းခြင်း အပြင် လျှပ်စစ်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဖွံ့ဖြိုးရေးကော်မရှင်များကို ဖွဲ့စည်းကြောင်းလည်း အမိန့်ထုတ်ပြန်ခဲ့သည်။