နာဂဒေသ အပါအဝင် စစ်ကိုင်းတိုင်းဒေသကြီး၏ ခရိုင် (၁၄)ခုတွင် ဆောင်းမြေပဲ ဧက(၃)သိန်း(၇)သောင်းနီးပါးခန့် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနထံမှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၏ ခရိုင် (၁၄)ခုတွင်ဆောင်းမြေပဲကို အောက်တိုဘာလ ပထမပတ်မှ စတင်စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး ဧက (၅)သိန်း(၁)သောင်းကျော် စိုက်ပျိုးရန် လျာထား၍ စိုက်ပျိုးနေခြင်းဖြစ်သည်။
“မကွေး-၁၀၊၁၁၊၁၆၊ ဆင်းပဒေသာ-၇၊၁၁၊ SP 121၊ တွန်တာနီ မြေပဲမျိုးတွေကို အထွက်နှုန်းကောင်းမွန်ရေး၊ မျိုးကောင်း မျိုးသန့်ရရှိရေးအတွက် စံကွက်၊ စမ်းသပ်ကွက်တွေကို စိုက်ပျိုးထားပြီး တောင်သူလယ်သမားများ ဆောင်းမြေပဲစိုက်ပျိုးရာသီမှာ သီးနှံများ အောင်မြင်ဖြစ်ထွန်းရေးအလေးပေးဆောင်ရွက်နေပါတယ်”ဟု စစ်ကိုင်းတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနတာဝန်ရှိသူက ဆိုသည်။
ဆောင်းမြေပဲလျာထားစိုက်ပျိုးမှုများအနေဖြင့် ဟုမ္မလင်းခရိုင်တွင် (၂၀၂၅) ဧက၊ ခန္တီးခရိုင်တွင် (၇၅၀) ဧက၊ နာဂဒေသတွင် (၇၀) ဧက၊ မော်လိုက်ခရိုင်တွင် (၁၅၆၃၈) ဧက၊ တမူးခရိုင်တွင် (၂၁၅၅၀) ဧက၊ ကလေးခရိုင်တွင် (၄၇၅၅၇) ဧက၊ မုံရွာခရိုင်တွင် (၄၁၃၁၀) ဧက၊ ယင်းမာပင်ခရိုင်တွင် (၃၂၇၉၄) ဧက၊ ရွှေဘိုခရိုင်တွင် (၆၇၈၇၆) ဧက၊ ရေဦးခရိုင်တွင် (၇၈၀၅၀) ဧက၊ ကန့်ဘလူခရိုင်တွင် (၁၀၉၁၆၄) ဧက၊ စစ်ကိုင်းခရိုင်တွင် (၆၁၀၂၆) ဧက၊ ကသာခရိုင်တွင် (၄၆၅၇၆)ဧက၊ ကောလင်းခရိုင်တွင် (၉၀၈၈) ဧက၊ စုစုပေါင်း (၅၁၄၁၀၁) ဧကတို့ကို စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။