နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (AD) လိုင်စင်ရဘဏ်များအနေဖြင့်နိုင်ငံခြားငွေကြေးဈေးကွက်တွင် စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများ၊ ဆေးဝါးနှင့် ဆေးဝါးနှင့် ဆက်စပ်သောပစ္စည်းများ တင်သွင်းသည့်ကုမ္ပဏီများနှင့် ဓာတ်မြေဩဇာတင်သွင်းသည့် ကုမ္ပဏီများကို Fx Trading Platform မှတဆင့် ထိုင်းဘတ် (၆၉) သန်းနှင့် တရုတ်ယွမ် (၉) သန်းကို ယနေ့ ဩဂုတ်လ (၁) ရက်တွင် ရောင်းချပေးခဲ့ကြောင်း ဗဟိုဘဏ်ထုတ်ပြန်ချက်အရ သိရသည်။
ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာ ကျပ် (၅၄၀၀) ကျော်အထိ ထပ်မံမြင့်တက်ချိန်တွင် ဗဟိုဘဏ်မှ ထုတ်ရောင်းပေးခဲ့ခြင်းဖြစ်သည်။
ဗဟိုဘဏ်မှ နိုင်ငံခြားငွေရောင်းချပေးမှုအနေဖြင့် ပြီးခဲ့သည့် ဇူလိုင် (၂) ရက်တွင် ဒေါ်လာ (၅) သန်း၊ ဇူလိုင် (၃) ရက်တွင် ဒေါ်လာ ၅ ဒသမ ၄ သန်း၊ ဇူလိုင် (၁၀) ရက်တွင် ဒေါ် လာ (၅) သန်းနှင့် ဇူလိုင် (၁၅)ရက်တွင် Fx Trading Platform မှတဆင့် တရုတ်ယွမ် (၅) သန်း ထုတ်ရောင်းပေခဲ့ပြီးဖြစ်သည်။
ယင်းကဲ့သို့ ရောင်းချပေးခဲ့သည့်အတွက် ယနေ့ နိုင်ငံခြားဈေးကွက်အတွင်း ဒေါ်လာဈေးတည်ငြိမ်မှုနှင့် ကျဆင်းမှုများရှိခဲ့ကြောင်းလည်း သိရသည်။
ပြင်ပဈေးကွက်၌ ဖြစ်ပေါ်ခဲ့သည့် ဒေါ်လာဈေးနှုန်းများမှာ ဇူလိုင် (၂၄) ရက်မှ (၂၆) ရက်အထိ (၅၀၀၀) ကျပ်၊ ဇူလိုင် (၂၉) ရက်တွင် တစ်ဒေါ်လာ (၅၂၀၀) ကျပ်၊ ဇူလိုင် (၃၀) ရက်တွင် တစ်ဒေါ်လာ (၅၃၅၀)ကျပ်၊ ဇူလိုင် (၃၁) ရက်တွင် တစ်ဒေါ်လာ (၅၃၇၀)ကျပ်အထိ ဆက်တိုက်မြင့်တက်ခဲ့ပြီး ယနေ့တွင် တစ်ဒေါ်လာ ကျပ် (၅၄၅၀) အထိ စံချိန်တင်မြင့်တက်ခဲ့ကြောင်း သိရသည်။