စားအုန်းဆီကို ရည်ညွှန်းဈေးထက် (၂) ရာခိုင်နှုန်းသာ အမြတ်တင်ရောင်းချရန်နှင့် ဝေးလံသောဒေသများတွင် အဆင့်ဆင့်အမြတ်တင်မှု (၁၀) ရာခိုင်နှုန်းထက် မပိုသောဈေးနှုန်းဖြင့်သာ ရောင်းချရန် မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း (MEODA) ဥက္ကဋ္ဌ ဦးဆန်းလင်းက တိုက်တွန်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ (၃၂) ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော် အစိုးရအနေဖြင့် ဒေါ်လာရရှိအောင် ဆောင်ရွက်ပေးထားပြီးဖြစ်၍ ဈေးတင်မရောင်းချရန်နှင့် လက်ရှိအချိန်တွင် ပြည်ပမှတင်သွင်းသည့် စားသုံးဆီများ ပင်လယ်ဝကိုရောက်သည်နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ လိုင်စင်ထုတ်ပေးနေပြီး လိုင်စင်ထုတ်ပေးသည့်ပမာဏ၏ (၃၅) ရာခိုင်နှုန်းအတွက် တစ်ဒေါ်လာ (၂၁၀၀) ကျပ်ဖြင့် ဒေါ်လာရောင်းချပေးကာ ကျန်ရှိ (၆၅) ရာခိုင်နှုန်းအတွ က် Online Trading Platform မှ ဝယ်ယူရရှိနိုင်ရေးကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ၎င်းကရှင်းပြခဲ့သည်။
ထို့ပြင်အပတ်စဉ်ထုတ်ပြန်ပေးနေသည့် ရည်ညွှန်းဈေးသည်စားသုံးသူများ ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲ အလွယ်တကူဈေးနှုန်းချိုသာစွာ ဝယ်ယူသုံးစွဲနိုင်ရေးအတွက် နိုင်ငံတော်က ဆောင်ရွက်ပေးထားခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
ထို့ကြောင့် တင်သွင်းလာသည့် စားအုန်းဆီများကို တဆင့်ပြန်လည်ရောင်းချသည့် လက်လီလက်ကား စားသုံးဆီကိုယ်စားလှယ်များအနေဖြင့် မိမိတို့၏ သတ်မှတ်ထားသည့် (၂) ရာခိုင်နှုန်းအမြတ်ဖြင့်သာ စားသုံးသူများထံ အလွယ်တကူ ဖြန့်ဖြူးရောင်းချပေးရန် တိုက်တွန်းထားသည်။