အတွေးနွံထဲက ရုန်းထွက်
ရှုမှတ်မှုဘက် မျက်နှာမူလိုက်တဲ့အခါ
စိတ်ကလေးဟာ
သက်သာရာ ရလာတယ်။
ရှုမှတ်မှု အရှိန်ကြောင့်
ကြောင့်ကြခြင်းတွေပျောက်
တောင့်တခြင်းတွေ
နောက်ဆုတ်သွားတဲ့အခါ
စိတ်ကလေးဟာ ပိုမိုသက်သာ
တည်ငြိမ် အေးချမ်းလာတယ်။
ခဏိကသမာဓိထဲမှာ
ငါမရှိတာထင်ရှား
သဘာဝတရားသက်သက်
သူ ငါ မရောစွက်မှန်း
ဥာဏ်လမ်းပေါ် အဖြေထုတ်
ကြွေရုပ်ကလေးကျကွဲသလို
တစ်စစီကြေမွ
ဖြစ်ကြ ပျက်ကြ ရုပ်နာမ်
အဟုတ်အမှန်မြင်ကွင်း
ထင်လင်းသည့်အခါ
စိတ်ကလေးဟာ
ဖော့ဖယောင်းပမာ
နူးညံ့ပျော့ပျောင်း လာပါတော့တယ်။
ယောက်ျား မဟုတ် မိန်းမ မဟုတ်
ငါမဟုတ် သူတစ်ပါး မဟုတ်
ငါ သိတာမဟုတ်
ဥာဏ်အသိသာ အဟုတ်
တယ်ဟုတ်တဲ့ငါပါလား
အထင်မမှားရအောင်
ဆောင်ထား သင်ထား နာကြားခဲ့သမျှ
ပရိယတ် အသိအမှန်
သတိပဋ္ဌာန်တရား
ရင်ကြားစေ့ဖို့ ဝင်ရောက်လာတဲ့အခါ
စိတ်ကလေးဟာ
မာနတွေကင်းကွာ
ပိုမိုကြည်လင်လာပါတော့တယ်။
ရှုမှတ်ဆင်ခြင်နေခိုက်မို့သာ
ကြည်လင်အေးမြလာပေမယ့်
စူးစိုက်မှုတွေလျော့ပါး
ရှုမှတ်မှုတွေကျဲပါးသွားတဲ့အခါ
နေရာအဖယ်ခံထားရတဲ့’ငါ’ကလေး
အပြေးဝင်ရောက်
စိတ်ကလေးကို
နှောင့်ယှက်ဦးတော့မယ်။
အတွေ့အကြုံတွေများပါမှ
အလေ့အထုံတွေ အားကောင်း
အနှောင့်အယှက်အပေါင်းကင်းကွာ
ချမ်းသာပြီးရင်း ချမ်းသာလာတဲ့
စိတ်ကလေးဟာ
တရားနဲ့မကင်းမကွာ
နေတတ်လာပါလိမ့်မယ်။
‘မရှုမှတ်ဘဲနေရင် ဆင်းရဲတယ်’ဆိုတဲ့
မင်းကွန်းတိပိဋကဓရ
ဆရာတော်ကြီး ရဲ့အဆုံးအမ
နှလုံးသားတံခါးဝမှာချိတ်ဆွဲ
သတိမြဲသည်ထက်မြဲ
မလျှော့သောဇွဲနဲ့ကြိုးစားပေးမှ
စိတ်ကလေးဟာ
နိဗ္ဗူတာဆီ
ဦးတည် ခရီးနှင်ရင်း
ဥာဏ်ခရီးစဉ်ကို
အဆုံးသတ်ပေးပါလိမ့်မယ်။
အရှင်ပညာနန္ဒ (မြသန်းစံ)