နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည့် ယနေ့ နိုဝင်ဘာ ၂၈ ရက်နံနက်ပိုင်းကကျင်းပသည့် မြန်မာနိုင်ငံ“စီးပွားရေးပညာနှစ်(၁၀၀)”ရာပြည့်အထိမ်းအမှတ်အခမ်းအနား၌ စီးပွားရေး အတတ်ပညာ၏ အရေးပါမှုကို ထည့်သွင်းပြောကြားခဲ့သည်။
ကမ္ဘာ့ပထဝီနိုင်ငံရေး၊ ပထဝီစီးပွားရေးတို့၏ အားပြိုင်မှုများကို မြန်မာနိုင်ငံအနေဖြင့် အနည်း နှင့်အများသက်ရောက်ခံစားကြရကာ နစက မှ နိုင်ငံတော်တာဝန်စယူချိန်ကပင် စီးပွားရေးနှင့် ပတ်သက်၍ အဖျက်အမှောင့်၊ ပိတ်ဆို့ဟန့်တားမှုများစွာ၊ အကြပ်အတည်းများစွာကိုကျော်လွှားနိုင်ရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့သည်ဟု ပြောသည်။
နစက အနေဖြင့် နိုင်ငံတွင်းရှိ ဒေသအားလုံးဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသခံတိုင်းရင်းသားအားလုံး၏ ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းများ တန်းတူညီမျှရှိစေရေး၊ ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်းများဖန်တီးနိုင်ရေးတို့အတွက် အလေးထား အကောင်အထည်ဖော်ပေးနေသည်ကိုလည်း ထည့်သွင်းပြောကြားသည်။
” အဲဒီလိုဆောင်ရွက်ရာမှာ စီးပွားရေးပညာကို စွမ်းဆောင်ရည်ပြည့်ပြည့်ဝဝနဲ့ လက်တွေ့အသုံးချတတ်မှုဟာလည်း နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးမှာ အဓိကကျတဲ့ အခန်းကဏ္ဍကနေပါဝင်နေပါတယ် “ဟု စီးပွားရေးအတတ်ပညာ၏ အရေးပါမှုကို နစက ဥက္ကဋ္ဌကပြောသည်။
ထို့ပြင် မိမိတို့နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့်အတွက် ဈေးကွက်အားနည်းချက်များစွာရှိနေခြင်းကြောင့် အစိုးရကပါဝင်လုပ်ဆောင်နေရသည့် အခန်းကဏ္ဍများစွာရှိနေသည်ကိုလည်း ဖြည့်စွက်ပြောကြားပြီး နစက၏ ဦးတည်ချက်များ ရှေ့လုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် သက်ဆိုင်သူအားလုံးက ကျရာအခန်းကဏ္ဍမှ တက်ကြွစွာ၊ ခံနိုင်ရည်ရှိစွာ ပါဝင်အကောင်အထည်ဖော်ပေးကြရန် ပြောကြားသည်။
ထို့ကြောင့် နိုင်ငံ၏အခြေခံအချက်အလက်များပေါ်မူတည်၍ စီးပွားရေးပညာရှင်များက နိုင်ငံ့စီးပွားရေးကို မည်သို့မည်ပုံဆောင်ရွက်သင့်သည်၊ မတူညီသည့် ဒေသအခြေအနေများပေါ်မူတည်ကာ ဒေသအလိုက် စီးပွားရေးကို ရေတို၊ ရေရှည်အတွက်မည်သို့ဆောင်ရွက်သင့်သည်တို့ကို ဖော်ထုတ်ကြရမည်ဟု နစက ဥက္ကဋ္ဌကတိုက်တွန်းမှာကြားခဲ့သည်။