ဗီယက်နမ်ခေါင်းဆောင်များသည် အမေရိကနှင့် ကုန်သွယ်မှု မညီမျှခြင်းကို လျှော့ချနိုင်ရေး၊ ထရမ့်ပ်အစိုးရအဖွဲ့၏ အခွန်စည်းကြပ်မှုဒဏ်ခံရနိုင်ခြေကို သက်သာစေရေး ကြိုးပမ်းချက်အဖြစ် အမေရိကနှင့် အကြီးစားသဘောတူညီချက်အချို့ကို လက်မှတ်ရေးထိုးကြမည်ဖြစ်ရာ ဗီယက်နမ် ကုန်သွယ်ရေးဝန်ကြီး၏ အမေရိကခရီးစဉ်အတွင်း ဗီယက်နမ် ကုမ္ပဏီများသည် စွမ်းအင်၊ ဓါတ်သတ္ထု့ဆိုင်ရာ သဘောတူညီချက်များကို အမေရိက ကုမ္ပဏီများနှင့် လက်မှတ်ရေးထိုးခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာနှင့် သက်ဆိုင်ရာ ကုမ္ပဏီတစ်ခုတို့က သောကြာနေ့တွင် ပြောကြားခဲ့သည်။
ဗီယက်နမ်ကုမ္ပဏီများသည် အမေရိက ရေနံစိမ်းနှင့် သဘာဝဓါတ်ငွေ့ရည်များဝယ်ယူရန် ဆွေးနွေးခဲ့သည်ဟု သဘောတူညီချက်တစ်ခုတွင် ပါဝင်လက်မှတ်ရေးထိုးထားသည့် နိုင်ငံပိုင် PetroVietnam Power ကုမ္ပဏီက ပြောဆိုခဲ့ပြီး ခရီးစဉ်တွင် ဝန်ကြီးနှင့်အတူ အမှုဆောင်အရာရှိများ ပါဝင်ခဲ့သည်။
အမေရိက၏ ကုန်သွယ်ရေးလိုငွေပြမှုကို လျှော့ချရန် ထရမ့်ပ်အစိုးရအဖွဲ့က ကမ္ဘာတစ်ဝန်း ခြိမ်းခြောက်နေသည့် အပြန်အလှန်အခွန်စည်းကြပ်မှုများကို ရှောင်းရှားနိုင်ရန်အတွက် ဗီယက်နမ်နိုင်ငံက အသည်းအသန်ကြိုးပမ်းနေသည်။ ယင်းသို့ရှိစဉ် ဗီယက်နမ်ကုန်သွယ်ရေးဝန်ကြီး ငုယင်ဟောင်ဒင်သည် ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးရန်အတွက် အမေရိကသို့ ရောက်ရှိနေခြင်းဖြစ်သည်။
PetroVietnam Power သည် ဓါတ်ငွေ့သုံး ဓါတ်အားပေးစက်ရုံများအတွက် GE စက်ပစ္စည်းများဝယ်ယူရန် GE Vernova နှင့် နားလည်မှုစာချွန်လွှာ ကို လက်မှတ်ရေးထိုးခဲ့သည်။
လက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီချက်များကို အသေးစိတ်ဖော်ပြမထားသော်လည်း တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၄ ဒဿမ ၁၅ ဘီလျံခန့်ရှိသည်ဟု ဆိုသည်။
အခြားသဘောတူညီချက်များတွင် PetroVietnam Gas နှင့် Conoco Phillips၊ Excelerate နှင့် ဗီယက်နမ် ရေနံချက်လုပ်သူ Binh Son နှင့် Kellogg Brown & Root တို့အကြား လက်မှတ်ရေးထိုးခဲ့မှုများပါဝင်သည်ဟု PetroVietnam Power က ပြောကြားခဲ့သည်။
Ref: အေးရှားဖိုင်နင်ရှယ်လ်