ဆင်ကိုးရပ် ရေတံခွန်ပေါ်မှ ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ်တစ်ဦး ပြုတ်ကျသေဆုံး
တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့ နယ်အတွင်းရှိ ဆင်ကိုးရပ်ရေတံခွန်တွင် ဆယ်ကျော်သက်အရွယ် အမျိုးသမီး တစ်ဦး ပြုတ်ကျ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပြုတ်ကျသေဆုံးခဲ့သူမှာ အသက် (၁၄) နှစ်အရွယ် မပပအောင် ဆိုသူဖြစ်ပြီး ဇွန်လ (၁၁) ရက် ညနေပိုင်းက ပြုတ်ကျသေဆုံးဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“မနေ့က ညနေ (၅) နာရီလောက်က ပြုတ်ကျတာလို့ ကြားတယ်။ အလောင်းက ဒီမနက်မှ ပြန်တွေ့တာ။ တခြားက လာအလုပ်လုပ်နေတဲ့ ကလေးမလေးလို့တော့ ကြားတာပဲ” ဟု ရေတံခွန်တည်ရှိရာ ကံပေါက်ကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။
သေဆုံးသူ အမျိုးသမီးငယ်သည် အဆိုပါ ဂန့်ဂေါ်တောင်ကျေးရွာတွင်ေနထိုင်သူ ဖြစ်ပြီး ဒေသခံမဟုတ်ဘဲ ရွှေ့ပြောင်း အလုပ်လုပ်ကိုင်သူ မိသားစုဝင်များနှင့် နေထိုင်သူ ဖြစ်ကြောင်းလည်း သိရသည်။
သေဆုံးသူ၏ ရုပ်အလောင်းကို ယနေ့ ဇွန်လ (၁၂) ရက် နေ့လယ်ပိုင်းတွင် ရေတံခွန် အထက်ပိုင်း၌ ပြန်လည်တွေ့ရှိခဲ့သည့်အတွက် ဒေသတွင်း လူမှုကူညီရေး အဖွဲ့ဖြစ်သည့် မိချောင်းအိုင် နာရေးကူညီမှု အသင်းကားဖြင့် ၎င်း ၏ နေအိမ်သို့ ပြန်လည် ပို့ဆောင်ခဲ့ကြောင်း သိရသည်။