“မြန်မာ့ဆွေမျိုးစပ် ဝေါဟာရများ” စာအုပ်ကို ရေးသားပြုစုခဲ့သူ ဆရာမကြီး ဒေါ်မာလေး၏ နောက်ဆုံးခရီး သို့ ပါမောက္ခချုပ်ဆရာတော်ကြီးမှ သံဝေဂနှင့် ဩဝါဒပေးပို့တော်မူခဲ့ကြောင်း သိရသည်။
ဆရာမကြီး ဒေါ်မာလေး၏ ကြွင်းကျန်ရစ်သော ရုပ်ကလာပ်ကို ယနေ့ ဇန်နဝါရီ (၂) ရက်၊ နေ့လယ် (၃) နာရီတွင် ရေဝေးသုဿန်၌ မီးသဂြိုဟ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
” သံဝေဂဆိုတာ လောကရဲ့သဘာဝအပေါ် ကြောက်ရွံ့ခြင်း(ဩတ္တပ္ပ) ကြောက်စရာအဖြစ်ရှုမြင်ခြင်း ( ဉာဏ) တို့ကိုခေါ်တာပါ။ အသက်(၉၁)နှစ် မြန်မာစာဆရာမကြီး ဒေါ်မာလေး ( တက္ကသိုလ် ဝင့်မာ) မြန်မာစာ AP ဌာနမှူး(ငြိမ်း) သုတဓမ္မဒီပလိုမာ(ဂုဏ်ထူး) ကွယ်လွန်ကြောင်းသိရသဖြင့် သံဝေဂဖြစ်ရပါသည်။ဆရာမကြီးသည် သုဂ တိဘုံရောက်၍ ပါရမီ ကုသိုလ်ကိုဆက်လက် ဆည်းပူးနိုင်ပါစေ” ဟု ပါမောက္ခချုပ် ဆရာတော်ကြီး အရှင်နန္ဒမာလာဘိဝံသက မိန့်ကြားသည်။
ဆရာမကြီး ဒေါ်မာလေးသည် ဒီဇင်ဘာ (၃၁)ရက်ညနေက ရန်ကုန်မြို့ ဝိတိုရိယဆေးရုံကြီးတွင် ကွယ်လွန်သွားခြင်း ဖြစ်သည်။
ကွယ်လွန်ချိန်တွင် အသက် (၉၁)နှစ်ရှိပြီဖြစ်ကာ ဆရာမကြီး ဒေါ်မာလေးသည် ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ် မြန်မာစာဌာနမှ တွဲဖက်ပါမောက္ခလည်း ဖြစ်ခဲ့သည်။
ဆရာမကြီး ဒေါ်မာလေးသည် တီတီစီ ဝေဦး၊ ယုဝတီ က လောင်ရှင် ဝင့်မာ၊ တက္ကသိုလ်ဝင့်မာ စသည့် အမည်တို့ဖြင့် စာပေများရေးသားခဲ့ပြီး မာလေးအမည်ဖြင့် မြန်မာလူမျိုးတို့ တဦးနှင့်တဦး အမိ၊ အဘ၊ ညီအကို မောင်နှမမှအစ လက်ထပ်ထိမ်းမြား၍ နှစ်ဖက်တော်စပ်သူများထိ သုံးနှုန်းသည့် ဝေါဟာရများကို ပုဂံခေတ်မှတိုင် ယနေ့ခေတ်အထိ ဆင်းသက်လာပုံ ရှင်းလင်း ဖော်ပြသော “မြန်မာ့ဆွေမျိုးစပ်ဝေါဟာရ” များ စာအုပ်ကို ပြုစုခဲ့သည်။