အင်ဒိုနီးရှား-မြန်မာ ပွဲစဉ်အတွင်း ဆုံးရှုံးခဲ့ရသည့် ရမှတ်အတွက် ဖိလစ်ပိုင်နှင့် ယှဉ်ပြိုင်မည့်ပွဲစဉ်အတွင်း အနိုင်(၃)မှတ်ရရန် ကြိုးစားသွားမည်ဟု မြန်မာအသင်းနည်းပြချုပ် ဦးမျိုးလှိုင်ဝင်းက ပွဲကြိုစကား ပြောကြားပြန်သည်။
“ပထမပွဲမှာ အမှတ်ဆုံးရှုံးထားလို့ ကျွန်တော်တို့အတွက် ဒီပွဲစဉ်က အရေးကြီးပါတယ်။ အနိုင်(၃)မှတ်ရယူနိုင်ဖို့ အကောင်းဆုံး ကြိုးစားသွားမှာပါ။ ပြိုင်ဘက် ဖိလစ်ပိုင် အသင်းကလည်း အသင်းကောင်းတစ်သင်းဖြစ်ပြီး ကျွန်တော်တို့အနေနဲ့ ပြိုင်ဘက်အပေါ် လေးစားမှုရှိပါတယ်”ဟု ဆိုသည်။
မြန်မာ့လက်ရွေးစင်အသင်းနှင့် ဖိလစ်ပိုင် လက်ရွေးစင်အသင်းတို့သည် ASEAN Mitsubishi Electric Cup 2024 အုပ်စု (ခ)ပွဲစဉ်အဖြစ် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ရှိ Rizal Memorial Stadium တွင် ဒီဇင်ဘာ (၁၂) ရက် (မနက်ဖြန်) မြန်မာစံတော်ချိန် ညနေ (၅) နာရီအချိန်တွင် ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။
ပွဲကြိုစကားပြောကြားရာတွင် ကွင်းလယ်ကစားသမားလွင်မိုးအောင်ကလည်း “ကျွန်တော်တို့ ရောက်နေတဲ့ အခြေအနေကို ကျွန်တော်တို့ သိပါတယ်။ အဲဒီအတွက် တစ်သင်းလုံး သေချာပြင်ဆင်ပြီး ကြိုးစားနေကြပါတယ်။ မနက်ဖြန် ပွဲစဉ်မှာ ခြေစွမ်းပိုင်းရော၊ ရလဒ်ပါ အကောင်းဆုံးဖြစ်ဖို့ ကြိုးစားသွားမှာပါ”ဟု ပြောသည်။
ယခုလ ဒီဇင်ဘာ (၉)ရက် ၊ ည(၇)နာရီအချိန်၌ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် အင်ဒို – မြန်မာ ပွဲစဉ်အတွင်း မြန်မာအသင်းက တစ်ဂိုးသွင်းယူခံရကာ ရှုံးနိမ့်ထားသည်။