ဆော်ဒီမင်းသားက NEOMရှိ ကာဗွန်ကင်းစင်မြို့၏ ဒေါင်လိုက် လူနေမှုပုံစံကို ထုတ်ဖော်
ဂျဒ်ဒါ၊ ဆော်ဒီအာရေးဗျ၊ ဇူလိုင် ၂၆
ဆော်ဒီအာရေးဗျနိုင်ငံမှ NEOM အမည်ရှိ စမတ်မြို့တော်တွင် တည်ဆောက်ရန် စီစဉ်ထားနေသော ကာဗွန်ကင်းစင်မြို့တော်၌ အိမ်များ၊ ရုံးခန်းများ၊ အများပြည်သုံး ပန်းခြံများနှင့် စာသင်ကျောင်းများကို ကီလိုမီတာ ၁၇၀ အရှည်ရှိ မှန်ချပ်မျက်နှာစာပါ အဆောက်အဦးတစ်ခုအတွင်း ဒေါင်လိုက်အနေအထားဖြင့် အလွှာလိုက် အထပ်ထပ် ထည့်သွင်း တည်ဆောက်သွားမည် ဖြစ်ကြောင်း ဆော်ဒီအိမ်ရှေ့စံမင်းသားက ဇူလိုင်လ ၂၅ ရက် တနင်္လာနေ့တွင် နိုင်ငံပိုင်မီဒီယာမှ ပြောကြားခဲ့သည်။
ဆော်ဒီအိမ်ရှေ့စံမင်းသား မိုဟာမတ် ဘင် ဆယ်လ်မန်သည် “The Line” ခေါ် ကာဗွန်ကင်းစင်မြို့တော်၏ အစီအစဉ်များကို အမေရိကန်ဒေါ်လာ ၅ ရာ ဘီလီယံတန် NEOM စီးပွားရေးဇုန်အတွက် ပထမဆုံး ဆောက်လုပ်ရေးစီမံကိန်းအဖြစ် ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် စတင်ထုတ်ဖော်ပြသခဲ့သည်။
အဆိုပါ မြို့တော်သည် မီတာ နှစ်ရာ ကျယ်ဝန်းမည်ဖြစ်ပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို ရာနှုန်းပြည့်သုံး၍ လည်ပတ်နေမည်ဖြစ်ကာ မြို့တော်၏ အစမှ အဆုံးထိ မိနစ် ၂၀ သာ စီးနှင်းရမည့် အမြန်ရထားလမ်းလည်း ပါဝင်လာမည်ဖြစ်သည်။
၎င်းမြို့တော်တွင် လူဦးရေ ၉ သန်းခန့် နေထိုင်နိုင်မည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းအေဂျင်စီ SPA က ဆော်ဒီမင်းသားကိုကိုးကား၍ဖော်ပြခဲ့သည်။
ဆော်ဒီမင်းသားက မိမိတို့တည်ဆောက်နေသော ဒေါင်လိုက် အလွှာလိုက်စီထားသည့် မြို့တော်ရှိ လူ့အဖွဲ့အစည်းများ၏ နေထိုင်ပုံသည် ပုံမှန်မြေပြင်ပေါ်တွင် အလျားလိုက်ဖြန့်ကျက်လျက် တည်ဆောက်ထားသော မြို့များရှိ လူ့အဖွဲ့အစည်းများထက် တစ်မူထူးကာ ကွဲပြားခြားနားနေမည်ဟု ဆိုသည်။
အဆိုပါ ကာဗွန်ကင်းစင်မြို့၏ ဒီဇိုင်းများသည် လမ်းများ၊ ကားများနှင့် ဓာတ်ငွေ့ထုတ်လုပ်မှု ကင်းစင်သော အနာဂတ်မြို့ပြအသိုင်းအဝိုင်းတစ်ခုအတွက် ပုံဖော်ထားခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။
ဆော်ဒီမင်းသားက အဆိုပါ စီမံကိန်း၏ အခြေခံအဆောက်အဦသည် အမေရိကန်ဒေါ်လာ တစ်ရာ ဘီလီယံမှ နှစ်ရာ ဘီလိယံအထိ ကုန်ကျမည်ဟု ပြီးခဲ့သည်နှစ်က ပြောကြားခဲ့သည်။ သို့သော် SPA သည် ထပ်မံဖြည့်စွပ်ထားသော ငွေပမာဏအား ဖော်ပြခဲ့ခြင်းမရှိချေ။
ပင်လယ်နီ၏မြောက်ဘက်တွင် တည်ရှိ၍ ကီလိုမီတာ ၂ သောင်း ၆ ထောင် ၅ ရာ ကျယ်ဝန်းမည်ဖြစ်သော NEOM မြို့တော် စီမံချက်ကို၂၀၂၅ ခုနှစ်တွင် ပြီးစီးရန် ရည်မှန်းထားသည်။
Source: CNA