စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီးလုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူနိုင်ရေး အလှူတော်ငွေပေးအပ်ပွဲကို ဒီဇင်ဘာလ (၁၂) ရက်၊ နံနက်ပိုင်းက စေတီတော်ကြီးရှိ ပုညရှင်သာသနာ့ဗိမာန်တော်ကြီးတွင်ကျင်းပသည်။
စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင်စေတီတော်ကြီးလုံးတော်ပြည့် ရွှေသင်္ကန်းတော် ကပ်လှူပူဇော်နိုင်ရန်အတွက် ငှက်ပျောဖူးတော်မှ ပထမပဉ္စယံအထိ (၉)လက်မပတ်လည် ကြေးပြားအချပ်ရေပေါင်း (၂၂၇၀၀)ချပ်ခန့်နှင့် (၂) လက်မ ပတ်လည်ရွှေဆိုင်း (၆၀၀၀) ကျော် အသုံးပြုကာ ငွေကျပ်သိန်းပေါင်း (၂၀၀၀၀)ကျော်အကုန်အကျခံကာဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အခမ်းအနားတွင် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များကပရိတ်တရားတော်များကို ရွတ်ပွားသရဇ္ဈာယ်ချီးမြင့်တော်မူကြပြီး စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အလှူရှင်များက စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌထံ အလှူငွေ (၃၇၈,၀၆၈,၀၀၀)ကျပ်ကို ပေးအပ်လှူဒါန်းကြသည်။
ထို့နောက် သီတဂူဆရာတော်ကြီးထံမှ သြဝါဒကထာ နာယူကြည်ညိုကြပြီး “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ် ရွတ်ဆိုကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး ပင့်သံဃာဆရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းသည်။
ဆက်လက်၍ဘသီတဂူဆရာတော်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများမှ ဆွမ်း ဦးပုညရှင်စေတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူနိုင်ရေးအတွက် စေတီတော်ကြီး ပတ်လည်အား လိုက်လံကြည့်ရှုခဲ့ကြသည်။