မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပမည့် စတုတ္ထအကြိမ်မြောက် ခရီးရှည်မြင်းစီးအားကစားပြိုင်ပွဲကို မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ မြင်းစီးအားကစားပွဲတော်ကို ၂၀၂၄ နှစ် ဒီဇင်ဘာလ (၃၀)ရက်တွင် TUYIN VALLEY ECO-FARM (တုရင်တောင်ခြေ)၌ကျင်းပမည်ဖြစ်၍ ပြိုင်ပွဲဝင်အားကစားသမားနှင့် မြင်းသည် ဒီဇင်ဘာလ (၂၀) ရက်တွင် ရောက်ရှိရမည်ဖြစ်သည်။
ပြိုင်ပွဲဝင်တစ်ဦးလျှင် ပြိုင်ပွဲဝင်ကြေး တစ်သိန်းကျပ် တိတိနှင့်အတူ ပြိုင်ပွဲဝင်ခွင့်လျှောက်လွှာတွင် အချက်အလက်များအားဖြည့်စွက်၍ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်သို့ ဒီဇင်ဘာ (၁၀) ရက် နောက်ဆုံးထား ပေးပို့ရမည်ဖြစ်ပြီး အရည်အချင်းစစ်ပြိုင်ပွဲစည်းကမ်းသတ်မှတ်ချက်များ ပြည့်မီရန်လည်းလိုအပ်မည်ဖြစ်သည်။
ထို့ပြင် ပြိုင်ပွဲဝင်မြင်းများအား အမြန်လမ်းမကြီးမှ သယ်ယူခွင့်ရရှိရန် အတွက် သယ်ယူလိုသည့်ရက်မတိုင်မီ အနည်းဆုံး(၅)ရက် ကြိုတင်၍ မြန်မာနိုင်ငံမြင်းစီး အားကစားအဖွဲ့ချုပ်၊ ရုံးအဖွဲ့မှူးထံသို့ လိုအပ်သောအချက်အလက်များနှင့်တကွ ပေးပို့ရမည်ဖြစ်သည်။
ပြိုင်ပွဲဝင်မြင်းများစနစ်တကျထားရှိရန် ပုံစံတူ ယာယီဆောက်လုပ်ထားသည့်အတွက် မြင်းတစ်ကောင်လျှင် တစ်ရက် ၁ သောင်းကျပ်နှုန်း အဖွဲ့ချုပ်ထံပေးသွင်းရမည်ဖြစ်ကြောင်းလည်းသိရသည်။
ခရီးရှည်မြင်းစီးအားကစားပြိုင်ပွဲ (Endurance) တွင် ပါဝင်သော ပြိုင်ပွဲ (၃)မျိုးအား ပ၊ ဒု၊ တ ဆုတံဆိပ်များချီးမြှင့်မည်ဖြစ်ပြီး ကမ္ဘာ့မြင်းစီးအားကစားအဖွဲ့ချုပ် (FEI)မှ ဒိုင်ချုပ်တစ်ဦးနှင့် ကမ္ဘာ့မြင်းစီးအား ကစားအဖွဲ့ချုပ် (FEI) Vet တစ်ဦး လာရောက်မည်ဖြစ်ကာ တိ/ကု ဆရာဝန်များ အတွက် Endurance Vet Update Program အားလည်း ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။