တစ်နေ့လျှင် လျှပ်စစ်မီး (၈) နာရီရရှိနေရာမှ ယခုအခါ (၄) နာရီသာရရှိ နိုင်တော့မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်းက အသပေးလာပြန်သည်။
ပေးနိုင်သည့် ဝန်အားမမျှခြင်းကြောင့် အရေးပေါ်ဝန်အား လျှော့ချခဲ့ရသည့်အတွက် လျှပ်စစ်မီးကို လုံလောက်စွာမပေးနိုင်ခြင်းဖြစ်သည်ဟုလည်း YESC က ဆိုသည်။
မီတာခများ နှစ်ဆတိုးမြှင့်ကောက်ခဲ့သော်လည်း မီးအလုံအလောက်မပေးနိုင်သည့်အပြင်
တစ်ရက် (၂၄) နာရီ ရှိသည့်အနက် (၄) နာရီသာ အလှည့်ကျ မီးပေးနိုင်မည်ဆိုသည့်အပေါ် ပြည်သူများ အဆင်မပြေမှုများစွာ ကြုံတွေ့နေရသည်။
အဆိုပါ (၄) နာရီသည်လည်း လာချိန်ပျက်ချိန် အချိန်မှန်မ ဟုတ်ဘဲ လာချင်သည့်အချိန်တွင်လာကာ ပျက်ချင်သည့်အချိန်တွင် ပျက်နေပြီး ဝန်အားမမျှ၍ဟူသည့် အကြောင်းပြချက်သာ ရှိနေခြင်းလည်း ဖြစ်သည်။
“မီးကိုမမြင်ရတော့တာ၊ အိပ်ရေးတွေလည်းပျက်၊ ထမင်းဝယ်စား ဟင်းဝယ်စားနဲ့ ပိုက်ဆံတွေ မကုန်သင့်တာကုန်” ဟု တောင်ဥက္ကလာမြို့နယ်နေ အမျိုးသမီးတဦးက ညီးတွားသည်။
ယခုရက်ပိုင်းများတွင် ရန်ကုန်အပါအဝင် မြို့ကြီးများ၌ လျှပ်စစ်မီးပြတ်တောက်မှုသည် လေးနာရီခြား တခါပင် မဟုတ်တော့ဘဲ ပုံမှန်မရှိတော့ကာ ပေးချင်သလို ပေးနေကြောင်းလည်း ညီးတွားနေကြသည်။
“အန်တီပြောတာက ပေးတဲ့အချိန်မှာ မှန်အောင်ပေးစေချင်တာ၊ အခုဟာက ပေးရမယ့် အချိန်ကျလည်း ဆယ်မိနစ်လောက်လာပြီး ပြတ်သွားရော ပြတ်ခါနီးမှ ငါးမိနစ်လောက်ထပ်လာပြီး ပြတ်ရော ၊ ဘာတွေလုပ်စားကြမတုန်း၊ အကုန် timing အောက်ကုန်တာပေါ့” ဟု အမျိုးသမီးကြီးတစ်ဦးကပြောသည်။
နစကအနေဖြင့် ၂၀၂၅ ခုနှစ်တွင် လျှပ်စစ်ဓာတ်အား လုံလုံ လောက်လောက်ရရှိရန် ဆောင်ရွက်နေသော်လည်း တစ်နိုင်ငံလုံးတွင် ဓာတ်အားလိုအပ်ချက် ၅၅၀၀ မဂ္ဂါဝပ်ခန့်ရှိကြောင်း၊ လက်ရှိတွင် တစ်ရက်လျှင် မဂ္ဂါဝပ် ၂၈၀၀ လောက်သာ ထုတ်လုပ်နိုင်သည့်အတွက် နိုင်ငံတစ်ဝန်း ၅၀ ရာခိုင်နှုန်းသာ လျှပ်စစ်မီးပေးနိုင်ကြောင်း သိရသည်။