စစ်ကိုင်းမြို့ တကောင်းတိုက်နယ်အတွင်း မိုးရွာသွန်းမှုကြောင့် အရေးတကြီးလိုအပ်နေသည့် တာပေါ် လင်စများကို ယမန်နေ့ ဧပြီ(၆)ရက်က မြန်မာနိုင်ငံကြက်ခြေနီအသင်းက သွားရောက် ပေးဝေခဲ့ကြောင်း သိရသည်။
ထိုသို့ပေးဝေရာ၌ အိမ်ထောင်စု တစ်စုလျှင် တာပေါ်လင်(၂) ချပ်နှုန်းဖြင့် အိမ်ထောင်စု (၁၁၉)စုကို အိမ်တိုင်ရာရောက်သွားရောက် ပေးဝေခဲ့ကြောင်း သိရသည်။
” နေပူရာကနေ မိုးရွာတော့ သက်ကြီးရွယ်အိုနဲ့ ကလေးတွေ ဒုက္ခရောက်တာပေါ့ဗျာ။ အခုအချို့လူတွေ ဖျားနေကြတယ် ။ တစ်ပူပေါ် နှစ်ပူဆင့်ဆိုတာမျိုးပေါ့”ဟု စစ်ကိုင်းမြို့နေ ငလျင်ဒဏ်ရှောင် ဒေသခံတစ်ဦးက ပြောသည်။
ငလျင်ဒဏ်သင့်ခဲ့သည့် စစ်ကိုင်းမြို့နှင့် မန္တလေးမြို့တွင် မိုးရွာသွန်းခဲ့မှုကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ခတ္တရပ်နားခဲ့ရပြီး၊ ငလျင်သင့်ဒေသခံများကို နီးစပ်ရာ ဘုန်းကြီးကျောင်းနှင့် စိတ်ချရသည့် အဆောက်အဦးအချို့ကိုရွေးချယ် ယာယီပြောင်းရွှေ့ခိုလှုံခဲ့ကြရသေးကြောင်း ၎င်းက ဆိုသည်။
ယနေ့ ဧပြီ(၇)ရက်တွင် မြန်မာနိုင်ငံကြက်ခြေနီ အသင်းက စစ်ကိုင်းမြို့ ငလျင်ဘေးသင့်သူများအတွက် သောက်ရေ၊ သုံးရေများကို စတင်ပေးဝေသွားမည်ဖြစ်ပြီး ရွေ့လျားဆေး ကုသခန်းများဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ် သွားမည်ဖြစ်ကြောင်း သိရသည်။