ထိုင်းနိုင်ငံအတွင်း ၉ ပွဲထိုး ၈ ပွဲနိုင် ၁ ပွဲရှုံးရလဒ်အပေါ် အပျက်သဘောဆောင် ဝေဖန်ဆဲဆိုမှုများကြောင့် လက်ဝှေ့လောကမှ တစ်နှစ် ရွာပြန်အနားယူမည်ဟု ရိုးရာလက်ဝှေ့ဖိုက်တာ မွန်ဂျစ်(ခ) နီဂရိုး က ပြောကြားထားသည်။
၎င်းအနေဖြင့် ထိုးကြေးထက် နိုင်ငံဂုဏ်ဆောင်သူ တစ်ဦးဖြစ်လိုပြီး၊ ရိုးရာလက်ဝှေ့ပရိတ်သတ်များအကြား “နီဂရိုး”ဟု အားပေးသံကိုသာ မျှော်လင့်မိကြောင်း ရင်ဖွင့်ပြောဆိုထားသည်။
“ပွဲထိုးရင်း လက်ထိခိုက်ခဲ့တဲ့ဒဏ်ရာထက် အပျက်သဘောဆောင်ဝေဖန်ဆဲဆိုခဲ့ကြတဲ့ ဒဏ်ရာတွေကိုပါ ကုစားဖို့ တစ်နှစ်လောက်ကျွန်တော် ရွာပြန်ပြီး နားပါ့မယ်။ လူကျန်းမာ၊ စိတ်ကျန်းမာအောင်ကုစားပြီး ကျွန်တော်ပြန်လာခဲ့ပါမယ် ခင်ဗျာ။ ကျွန်တော့်ကို ညီရင်းအစ်ကိုသဖွယ် ဖေးမစောင့်ရှောက်ပေးခဲ့တဲ့ ထွန်းမင်းနိုင်နဲ့ Looksuan ကလပ်သားအားလုံးကို ကျေးဇူးတင်ပါတယ်”ဟု နီဂရိုး က ဆိုသည်။
ထို့အပြင် အပြုသဘောဆောင် ကရုဏာ ဒေါသဖြင့် ထောက်ပြဝေဖန်ပေးကြသည့် ပရိသက်များအားလုံးကို ကျေးဇူးတင်ကြောင်း ဆိုထားသည်။
အသက် ၃၂ နှစ်အရွယ် မြန်မာပြည်ဖွား မွန်လူမျိုး နီဂရိုးသည် ထိုင်းနိုင်ငံအတွင်း ယခုနှစ် ဩဂုတ်လ၌ ပြုလုပ်ခဲ့သည့် မွေထိုင်းထိပ်တန်းပြိုင်ပွဲတစ်ခုဖြစ်သော RWS 24 ပွဲစဉ်အတွင်း မွေထိုင်းဖိုက်တာကို ပထမအချီ၌ပင် အလဲထိုးဖြင့်အနိုင်ယူကာ လူသိများလာခဲ့ခြင်းဖြစ်ကာ ONE က ပြုလုပ်သည့်ပွဲစဉ်များအထိ ဖိတ်ခေါ် ယှဉ်ပြိုင်ခွင့်ရရှိခဲ့သူဖြစ်သည်။
၎င်း၏ ပွဲထွက်လာသည့် ဆောက်လုပ်ရေးလုပ်သားဝတ်စုံကြောင့်လည်း ထိုင်းမီဒီယာနှင့် ပရိတ်သတ်တို့အကြား ရေပန်း စားလာခဲ့သူတစ်ဦးလည်းဖြစ်သည်။
ထိုင်းနိုင်ငံအတွင်း အသက်မွေးဝမ်းကျောင်း အလုပ်လုပ်ကိုင်နေရာမှ ဝါသနာပါရာ လက်ဝှေ့ထိုးသူနှစ်ဦးအနက် ထွန်းမင်းနိုင်မှာ ပလာတာရောင်းသူအဖြစ် ပွဲထွက်လာခဲ့သလို၊ နီဂရိုးမှာလည်း ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်ရင်း ကြိုးဝိုင်းပေါ်သို့ အရောက်လှမ်းနိုင်ခဲ့ကြသူများဖြစ်သည်။