ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ ၂၀၂၄ ခုနှစ် အောက်တိုဘာ (၁၅) ရက်မှ နိုဝင်ဘာ (၂၀) အထိ ငွေသားအလှူရှင် (၁၃၈)ဦး အပါအဝင် လှူဒါန်းငွေစုစုပေါင်း ကျပ်သိန်းပေါင်းနှစ်သောင်းကျော်ရရှိကြောင်း ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ သိရသည်။
ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ စေတနာသဒ္ဓါတရား ထက်သန်စွာ လှူဒါန်းထားကြသော ငွေကျပ် တစ်သိန်းနှင့်အထက် အလှူရှင်များအား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က အကြိမ် (၅၉၀)ကြိမ်မြောက် ထုတိအနုမောဒနာ ချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချ အလှူတော် မင်္ဂလာအခမ်းအနားကို ဇန်နဝါရီ (၇)ရက် မွန်းလွှဲ (၁) နာရီက ရွှေတဂုံစေတီတော်ရင်ပြင် တောင်ဘက်မုခ်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အလှူငွေပေးအပ်ပွဲလှူဒါန်းပွဲတွင် ၂၀၂၄ ခုနှစ် အောက်တိုဘာ (၁၅) ရက်မှ နိုဝင်ဘာ (၂၀) အထိ ရွှေသင်္ကန်းတော် ရွှေပြားအလှူရှင် (၁၆၀)က (၆) ကျပ်သား ရွှေပြား (၉) ချပ်နှင့် (၁)ကျပ်သား ရွှေပြား (၂၃၆) ချပ် စုစုပေါင်း ရွှေစင်ရွှေပြားအချပ် (၂၄၅) ချပ်လှူဒါန်းခဲ့ပြီး ငွေသားအလှူရှင် (၁၃၈) ဦး အပါအဝင် လှူဒါန်းငွေစုစုပေါင်း ကျပ်၂၅၅၂၃၁၂၀၁၉ (ကျပ်သိန်းပေါင်းနှစ်သောင်း ငါးထောင်ငါးရာ နှစ်ဆယ့် သုံးသိန်း တစ်သောင်း နှစ်ထောင်တစ်ဆယ့်ကိုးတိတိ) ဖြစ်ကြောင်း သိရသည်။
အခမ်းအနားတွင် အလှူရှင်များက အလှူတော်ငွေများပေးအပ်လှူဒါန်းကြရာ အလှည့်ကျသဘာပတိ ဦးမျိုးအောင်ဌေးနှင့် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များက လက်ခံရယူပြီး ထုတိအနုမောဒနာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြကြောင်း သိရသည်။
ထို့နောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ အဂ္ဂ မဟာဂန္ထဝါစက ပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒွိပိဋကဓရ ဝိနယ+ဒီဃနိကာယ ပါဠိပါ ရဂူ ရွှေပြည်သာ ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တနာဂိတထံမှ တက်ရောက်လာကြသူများက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ရေစက်ချအနုမောဒနာ တရားနာယူကြကြောင်း သိရသည်။