မန္တလေး ပရဟိတရွှေလက်များ ပရဟိတအသင်းမှ သက်ကြီးဆိုင်း ပညာရှင်ကြီးများ၊ သဘင်ပညာရှင်ကြီးများကို ပြန်လည် ကျေးဇူးဆပ် ပူဇော်ကန်တော့တဲ့ တတိယအကြိမ်မြောက် သက်ကြီးပူဇော်ပွဲကို ဒီဇင်ဘာ ၅ ရက် ညပိုင်းက မန္တလေးမြို့၊ ၃၉ လမ်း၊ လမ်း ၈ဝ နှင့် ၈၁ လမ်းကြားရှိ လက်ချိပ်တန်းရပ်၌ကျင်းပခဲ့ပါတယ်။ သက်ကြီးပူဇော်ပွဲ အခမ်းအနားမှာ ဝါရင့်ဆိုင်းပညာရှင်ကြီးများ၊ သဘင်ပညာရှင်ကြီးများ စုစုပေါင်း ၆၅ ဦးအား မန္တလေး ပရဟိတရွှေလက်များ အဖွဲ့ဥက္ကဋ္ဌ ဆိုင်းဆရာ စိန်ဓူဝံနှင့် ဆိုင်းပညာရှင်များက ကန်တော့ လက်ဆောင်ပစ္စည်းများဖြင့် ကန်တော့ခဲ့ကြပါတယ်။ အကန်တော့ခံ သက်ကြီးအနုပညာရှင်များ ကိုယ်စား စွယ်စုံအနုပညာရှင်ကြီး ဦးပေါက်စက မုဒိတာစကား ပြောကြားခဲ့ပါတယ်။
”မန္တလေးပရဟိတရွှေလက်များ အဖွဲ့က နာဂစ်ကနေအစပြုပြီး နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာသည့်အခါ ကူညီထောက်ပံ့မှုများ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကူညီမှုများရှိခဲ့သလို နာမကျန်းဖြစ်နေတဲ့ ဆိုင်းပညာရှင်များ၊ သဘင်ပညာရှင်များကိုလည်း တတ်အားသရွေ့ ထောက်ပံ့ကူညီမှုများ လုပ်ဆောင်ပေးနေတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။ ဒီပွဲက ကျွန်တော်တို့ မန္တလေးပရဟိတရွှေလက်များ အဖွဲ့ရဲ့ တတိယအကြိမ်မြောက် သက်ကြီး ပူဇော်ပွဲလည်းဖြစ်ပါတယ်။ အခု ပူဇော်ကန်တော့တဲ့အထဲမှာ အသက် ၇ဝ နဲ့အထက် ဝါရင့်ဆိုင်းပညာရှင်ကြီးတွေ၊ ၆၅ နှစ်နဲ့ ၇ဝ နှစ်ကြားက ကျေးဇူးရှိတဲ့ ဂါရဝပြုရမယ့် ပညာရှင်ကြီးတွေကို ငွေကြေးအပါအဝင် ကန်တော့ လက်ဆောင်ပစ္စည်းတွေနဲ့ ကန်တော့ကြတာပါ။ ပြီးရင် မြန်မာနိုင်ငံ သဘင်ပညာရှင်များ (ဗဟို) ဥက္ကဋ္ဌ ဇာတ်မင်းသား ကိုဖိုးချစ်နဲ့ ပရဟိတ ရွှေလက်များ ဆိုင်းဆရာတွေက တေးသံရှင်တွေနဲ့တွဲဖက်ပြီး သီဆို ဖျော်ဖြေပေးကြဦးမှာပါ”လို့ မန္တလေး ပရဟိတ ရွှေလက်များအဖွဲ့ ဥက္ကဋ္ဌ ဆိုင်းဆရာစိန်ဓူဝံက ပြောပါတယ်။
”ဝမ်းသာစရာ သာဓုခေါ်စရာ ပွဲကြီးပါပဲ။ ပရဟိတရွှေလက်များဆိုတဲ့ နာမည်ကို ကျွန်တော်ပဲပေးခဲ့တာပါ။ နှစ်စဉ်လည်း ဆရာကြီးတွေကို ပူဇော်နိုင်ဖို့ ကြိုးစားနေပါတယ်။ ရန်ပုံငွေလည်း ကြိုးစားပြီး ရှာနေပါတယ်။ သင်္ကြန်ပြီးလောက်ကနေ တန်ဆောင်မုန်းလကုန်အထိ အသင်းအနေနဲ့ ပွဲလက်ခံတီးပြီး ရန်ပုံငွေ ရှာပါတယ်။ ဒီရန်ပုံငွေနဲ့ပဲ ဆိုင်းသဘင် အနုပညာရှင်များရဲ့ သာရေး နာရေး ကူညီပါတယ်”ဟု အကန်တော့ခံ ဆိုင်းပညာရှင်ကြီး အကယ်ဒမီ စိန်မွတ္တားက ပြောပါတယ်။
သက်ကြီးပူဇော်ပွဲမှာ CB Bank မှ ပရဟိတရွှေလက်များ ပရဟိတအသင်းကို အလှူငွေသိန်း ၂ဝဝ ကျပ် လှူဒါန်းခဲ့ပါတယ်။
သက်ကြီးပူဇော်ပွဲအပြီးတွင် ပရဟိတရွှေလက်များအဖွဲ့က တီးခတ်ဖျော်ဖြေပေးသလို ဆိုင်းဆရာ မြန်မာပြည် ကျောက်စိမ်း၊ တေးရေးဆရာ သျှန်ထွန်း (မြန်မာစာ)၊ ဇာတ်မင်းသား ဖိုးချစ်တို့က ဆိုင်းတီးခတ်ဖျော်ဖြေပေးပြီး တေးသံရှင် ခင်စိုးဦး (ကျောက်ပန်းတောင်း)၊ ဗညားဟန်၊ မိုးထက်မြင့်၊ အိအိချွန်တို့က တေးသီချင်းများနဲ့ ဖျော်ဖြေသီဆိုကြကြောင်း သိရပါတယ်။