တနင်္သာရီတိုင်းအတွင်းရှိ တနင်္သာရီ – မော့တောင် – ဘုတ်ပြင်းလမ်းပိုင်း ခရီးသွားလာသူများအနေဖြင့် မိုင်းအန္တရာယ် အထူးဂရုပြုရန် ဒေသတွင်း စောင့်ကြည့်လေ့လာသူများက ယမန်နေ့ ဇန်နဝါရီ(၄)ရက်၌ သတိပေးထားနှိုးဆော်ထားသည်။
အဆိုပါ လမ်းပိုင်းအတွင်းရှိ ကျေးရွာများ၌ နှစ်ဘက်ထိတွေပစ်ခတ်မှုများ မကြာခဏဖြစ်ပွားလေ့ရှိပြီး၊ မိုင်းထောင်ထားခြင်းများလည်းရှိနေသည့်အတွက် နေရာတိုင်းသတိထားသွားလာကြရန် တိုက်တွန်းထားသည်။
အလားတူ မြိတ် – တနင်္သာရီ လမ်းပိုင်းတွင်လည်းခရီးသွားပြည်သူများ လမ်းဘေး အပေါ့အပါးသွားလာခြင်းမျိုးမပြုကြရန်နှိုးဆော်ထားသည်။
ယင်း လမ်းပိုင်းအတွင်း ည(၆)နာရီကျော်ပါက ဖြတ်သန်းမောင်နှင်ခြင်းမပြုကြရန်နှင့် အဆိုပါ လမ်းပိုင်းပေါ်ရှိ ရမ်းဖိုရွာ၊ ကမ်းတိုရွာ၊ ညောင်ပင်ကုန်းရှာနှင့် ဘန်းလမွတ်ရွာတို့မှ တိုက်ပွဲဖြစ်ပွားရာနယ်မြေများဖြစ်သည်ဟု သတိပေးထားသည်။
ပြီးခဲ့သည့်နှစ်အတွင်း တနင်္သာရီတိုင်း၌ မြေမြှပ်မိုင်း အကြိမ်(၃၀)နီးပါးပေါက်ကွဲခဲ့သည့်အနက် အသက်ေ-သဆုံးသူ ဆယ်နှင်ချီ၍ ရှိကြောင်း ဒေသတွင်းအခြေအနေများအပေါ် စစ်တမ်းကောက်ယူနေသည့် အဖွဲ့က ထုတ်ပြန်ထားသည်။
လက်ရှိတွင် ရပ်ရွာအတွင်း အများပြည်သူ အသုံးပြုသွားလာနေသည့်လမ်းများနှင့် ဥယျာဉ်ခြံသွားသည့်လမ်းစသည့် နေရာများအထိ မြေမြှုပ်မိုင်းများ ထောင်လာကြခြင်းဖြစ်သည်ဟု ဆိုထားသည်။
မြန်မာနိုင်ငံအတွင်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သည့် စစ်လက်နက် ပစ္စည်းများကြောင့် အရပ်သားထိခိုက်ေ -သဆုံးသူဦးရေမှာ ၂၀၂၄ ခုနှစ် ပထမခြောက်လအတွင်း (၆၉၂ )ဦး ရှိသည်ဟု ယူနီဆပ်မြန်မာ၏ မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်ကျန်လက်နက်ပစ္စည်းများ၏ ဖြစ်ရပ်များကို လေ့လာခြင်း အစီရင်ခံစာအရ သိရသည်။