ယနေ့ မတ် ၂၇ ရက်တွင်ကျရောက်သည့် နှစ်(၈၀)ပြည့် တပ်မတော်နေ့အထိမ်းအမှတ်အဖြစ် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ နံနက်ပိုင်းက သူရဲကောင်းဗိမာန်(နေပြည်တော်)၌ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များထမ်းဆောင်စဉ် အသက်စွန့်လွှတ်ပေးလှူခဲ့ရသည့် သူရဲကောင်းစစ်သည်များအား ဂုဏ်ပြုပန်းခြင်းချအလေးပြုခဲ့သည်။
ထို့နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ တပ်မတော်အရာရှိကြီးများ၊ အငြိမ်းစားတပ်မတော်အရာရှိကြီးများက သူရဲကောင်းဗိမာန်အတွင်း လှည့်လည်ကြည့်ရှုခဲ့ကြသည်။
အဆိုပါ သူရဲကောင်းစစ်သည်ဗိမာန်(နေပြည်တော်) အား နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးအတွက် အသက်စွန့်လွှတ်ခဲ့ရသည့် မြန်မာသူရဲကောင်းများကိုဂုဏ်ပြုရန်၊ အချုပ်အခြာအာဏာနှင့် လွတ်လပ်စွာအုပ်ချုပ်ခွင့်ရရှိပြီးသည့်နောက် အသိအမှတ်ပြုဖွယ်ရာ ရဲစွမ်းသတ္တိရှိစွာ ကြိုးစားအားထုတ်မှုများပြုလုပ်ရာတွင် အသက်စွန့်လွှတ်ခဲ့သည့် သူရဲကောင်းများကိုဂုဏ်ပြုရန်၊ ယင်းသူရဲကောင်းများအား နောင်လာနောက်သားများအမြဲအမှတ်တရနေစေရန်နှင့် မျိုးဆက်သစ် လူငယ်များ၏ စိတ်ထဲတွင် နိုင်ငံတော်ကိုချစ်သည့်စိတ်နှင့် နိုင်ငံတော်အတွက် စွန့်လွှတ်စွန့်စားလိုသည့် စိတ်ဓာတ်များရှင်သန်ကိန်းအောင်းလာစေရန်ရည်ရွယ်ချက်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ တည်ဆောက်ခဲ့ပြီးနောက် ၂၀၁၇ ခုနှစ်၊ မတ် ၂၇ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး ဗိမာန်အတွင်းနံရံများ၌ နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရင်း အသက်စွန့်လွှတ်ပေးလှူခဲ့ရသည့် အောင်ဆန်းသူရိယဘွဲ့ရရှိခဲ့သူ၊ သီဟသူရဘွဲ့ရရှိခဲ့သူ၊ သူရဘွဲ့ရရှိခဲ့သူ၊ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ရရှိခဲ့သူ များ၏ အမည်များကို ဂရင်းနိုက်ကျောက်ပြားပေါ်၌ ရွှေစာလုံးများဖြင့် ရေးထွင်းမှတ်တမ်းတင်ဂုဏ်ပြုထားကာ ဗိမာန်၏အပြင်ဘက်တွင်လည်း အောင်ဆန်းသူရိယဘွဲ့ရရှိခဲ့သူ စစ်သည်(၅)ဦးနှင့် အရပ် သား(၁)ဦးတို့၏ ပုံတူများကို ဂုဏ်ပြုစိုက်ထူထား သည်။