ရန်ကုန်မြို့တွင်း၌ တရားမဝင်သွယ်တန်းထားသည့် ဝိုင်ဖိုင်ကြိုးများနှင့် ဆက်သွယ်ရေးကြိုးများကို သက်ဆိုင်ရာခရိုင်လျှပ်စစ်ဝန်ထမ်းများ၊ ကုမ္ပဏီဝန်ထမ်းများမှ ယမန်နေ့ နိုဝင်ဘာ ၁၃ ရက်က ဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)ထံ မှ သိရသည်။
YESC အနောက်ပိုင်းခရိုင်ရှိ လှိုင်မြို့နယ်၊ အင်းစိန်လမ်းနှင့် ရွာမကျောင်းလမ်းထောင့်၊ ပါရမီလမ်းတစ်လျှောက်တို့တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ YESC ပိုင်လျှပ်စစ်ဓာတ်တိုင်များပေါ်တွင် တရားမဝင်သွယ်တန်းထားသော ဖိုင်ဘာကေဘယ်ကြိုးများ၊ ဝိုင်ဖိုင်ကြိုးများနှင့်လျှပ်စစ်အန္တရာယ်ဖြစ်စေနိုင်သည့်ဆက်သွယ်ရေးကြိုးများအား စစ်ဆေးမှုများပြုလုပ်ကာ ဖယ်ရှားရှင်းလင်းခဲ့ကြကြောင်း သိရသည်။
ထိုသို့ ဖယ်ရှားရှင်းလင်းမှုများအား YESC အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်လျှပ်စစ်မန်နေဂျာ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာနှင့်ဝန်ထမ်းများ၊ တရားဝင်ခွင့်ပြုထားသောဆက်သွယ်ရေးကုမ္ပဏီများမှဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
စစ်ဆေးမှုများပြုလုပ်ချိန်၌ တရားဝင်ခွင့်ပြုထားသည့် ဆက်သွယ်ရေးကုမ္ပဏီများအနေဖြင့် မြို့တော်အင်္ဂါရပ်များနှင့် အညီစနစ်တကျသွယ်တန်းထားခြင်းရှိ/မရှိ၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းမှုရှိ/မရှိတို့ကိုလည်း စစ်ဆေးခြင်းတို့ကိုလည်းပြုလုပ်ခဲ့ကြကြောင်း သိရသည်။