Home News Local News တရားမဝင် ‌နိုင်ငံခြား‌ငွေရောင်းဝယ်သူများကို အရေးယူမှုများ လုပ်ဆောင်နေချိန် ဒေါ်လာဈေးမြင့်တက်လာ

တရားမဝင် ‌နိုင်ငံခြား‌ငွေရောင်းဝယ်သူများကို အရေးယူမှုများ လုပ်ဆောင်နေချိန် ဒေါ်လာဈေးမြင့်တက်လာ

0
74

ဗဟိုဘဏ်အနေဖြင့် ယခုရက်ပိုင်းအတွင်း တရားမဝင် နိုင်ငံခြားငွေရောင်းဝယ်သူများကို စိစစ်အရေးယူမှုများလုပ်ဆောင်နေကြောင်း သတင်းထုတ်ပြန်ပြီးနောက် ပြည်တွင်းဈေးကွက်၌ ဒေါ်လာဈေးနှုန်း မြင့်တက်လာသည်ကို တွေ့ရသည်။

တရားမဝင် နိုင်ငံခြားငွေ ဝယ်ယူ၊ ရောင်းချ၊ လဲလှယ်သည့် လူပုဂ္ဂိုလ် (၂၆) ဦးနှင့်ပတ်သက်၍ စိစစ်ဆောင်ရွက်ခဲ့ပြီး လူပုဂ္ဂိုလ် (၉) ဦးအား အမှုဖွင့် အရေးယူထားပြီးဖြစ်သလို (၆) ဦးကို တည်ဆဲဥပဒေများနှင့်အညီ သက်ဆိုင်ရာမြို့နယ်တရားရုံးများသို့ တရားစွဲဆိုတင်ပို့ထားပြီးဖြစ်ကြောင်း ဗဟိုဘဏ်က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

ယင်းသို့ ထုတ်ပြန်ပြီးနောက် ယနေ့ ဇန်နဝါရီ (၁၅) ရက်တွင် ဈေးကွက်အတွင်း၌ တစ်ဒေါ်လာ (၃၀၀) ကျပ် ကျော်အထိ မြင့်တက်လာကြောင်း ဈေးကွက်အတွင်းမှ ဒေါ်လာဈေးနှုန်းများအရ သိရသည်။

ဗဟိုဘဏ်အနေဖြင့် ယခုနှစ်ဆန်းပိုင်းအတွင်း သွင်းကုန်လုပ်ငန်းရှင်များအဆင်ပြေစေရန် ဒေါ်လာများဆက်တိုက်ထုတ်ရောင်းပေးခဲ့သည့်အပြင် ဇန်နဝါရီလ နှစ်ပတ်အတွင်း စက်သုံးဆီနှင့် သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာ (၈၃) သန်းကျော် ထုတ်ရောင်းပေးထားသည်ကိုလည်းတွေ့ရသည်။

“လောလောဆယ် တရုတ်နယ်စပ်ဖက်က အလုပ် သိပ်မရှိတော့ ဘတ်စျေးက ဦးဆောင်နေတဲ့ ငွေကြေးစျေးကွက်ဖြစ်နေတာပေါ့။ ကမ္ဘာ့စျေးကွက်မှာလည်း ဒေါ်လာက ပွိုင့်လောက်တော့တက်တယ်။ကောလာဟာလတွေကြောင့် ဒီမှာ ပိုတက်တယ်ထင်ပါတယ်။ ၂၀ ရက်နေ့ ထရမ့် တက်ပြီးရင် ကမ္ဘာ့စျေး အပြောင်းအလဲ ဘယ်လိုရှိမယ်တော့မသိဘူး” ဟု သုံးသပ်သူတစ်ဦးက ဆိုသည်။

ဗဟိုဘဏ်အနေဖြင့် တရားမဝင် နိုင်ငံခြားငွေ ဝယ်ယူ၊ ရောင်းချ၊ လဲလှယ်သည့်လုပ်ငန်းများကို အရေးယူဆောင်ရွက်မှုများ ၊ သွင်းကုန် လုပ်ငန်းရှင်များအား ဒေါ်လာထုတ်ရောင်းပေးခြင်းများ လုပ်ဆောင်နေသော်လည်း နိုင်ငံခြားငွေလဲလှယ်နှုန်းသည် ဇန်နဝါရီ (၁) ရက်တွင် တစ်ဒေါ်လာ (၄၄၀၀) ကျပ် ဝန်းကျင်ရှိနေရာမှ ယနေ့ ဇန်နဝါရီ (၁၅) ရက်တွင် တစ်ဒေါ်လာ (၄၇၅၀) ကျပ်သို့ မြင့်တက်လာကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here