ပေကျင်း၊ဧပြီ ၁၁
တရုတ်ကာကွယ်ရေးဝန်ကြီး မစ္စတာဒုံဂျန်သည် စစ်တပ်များ အပြန်အလှန်လည်ပတ်မှုနှင့် ပူးတွဲကင်းလှည့်မှုများအတွက် လာမည့်သီတင်းပတ်၌ ဗီယက်နမ်သို့သွားမည်ဖြစ်ကြောင်းသိရသည်။
တရုတ်သည် တောင်တရုတ်ပင်လယ်အတွင်းတင်းမာမှုများနှင့် အမေရိကနှင့်အကောက်ခွန်ကိစ္စပြဿနာများ အရှိန်မြင့်နေစဉ်ကာလအတွင်း ၎င်း၏အရှေ့တောင်အာရှအိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးကိုမြှင့်တင်ရန်ကြိုးပမ်းနေခြင်းဖြစ်သည်။
နှစ်နိုင်ငံအကြား တစ်ပတ်ကြာကျင်းပမည့် အဆိုပါ အစီအစဉ်ကို သောကြာနေ့က စတင်ခဲ့ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။
ယခုဖလှယ်မှုဆိုင်ရာလှုပ်ရှားမှုများသည် လာမည့်သီတင်းပတ် တနင်္လာနေ့မှအင်္ဂါနေ့အထိ ဗီယက်နမ်သို့ လာရောက်လည်ပတ်မည့် တရုတ်သမ္မတရှီကျင့်ဖျင်၏ခရီးစဥ်နှင့် တိုက်ဆိုင် နေသည်။
ယခုတစ်ကြိမ်ပြုလုပ်မည့် ၃၈ ကြိမ်မြောက် ပူးတွဲရေတပ်ကင်းလှည့်ခြင်းကို မစ္စတာဒုံဂျန်သည်ဗီယက်နမ်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး Phan Van Giang နှင့်အတူကြည့်ရှုစစ်ဆေးနိုင်ခြေ ရှိသည်ဟုလည်း VietNamNet သတင်းဆိုက်ကဖော်ပြထားသည်။
Source : ဆော့ထ်ချိုင်းနားမောနင်းပို့စ်ထ်