တရုတ်နိုင်ငံကြက်ခြေနီအသင်းမှ မြန်မာနိုင်ငံ ငလျင်ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများ သယ်ဆောင်လာသည့် ယာဉ်တန်း(၉)စီးအား စစ်ကောင်စီတပ်မှ ပစ်ခတ် ဟူသော ခေါင်းစဥ်ဖြင့် PSLF/ TNLA တအာင်းပြည်သတင်းက ဧပြီလ ၁ရက် ရက်စွဲဖြင့်ထုတ်ပြန်ချက်များ ထွက်ပေါ်နေခဲ့သည်။
မြန်မာနိုင်ငံတွင် ငလျင်ဒဏ်ကြုံတွေ့ခဲ့ပြီးနောက် နိုင်ငံတကာအကူအညီများအားလက်ခံ၍ ကူညီကယ်ဆယ်ရေးလုပ်ငန်း၊ ထောက်ပံ့ရေးပစ္စည်းလက်ခံသည့်လုပ်ငန်းများကို ဆောင်ရွက်ရာတွင် သက်ဆိုင်ရာသံရုံး၊ စစ်သံရုံးများမှတစ်ဆင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိသည်။
“အခုဖြစ်ခဲ့တဲ့အဖွဲ့အနေနဲ့မြန်မာနိုင်ငံကိုကော သက်ဆိုင်ရာသံရုံး၊ စစ်သံရုံးကိုကော အကြောင်းကာထားခြင်းမရှိဘူးလို့သိရပါတယ်။ ဖြစ်စဥ်နေရာကလည်း နောင်ချိုမြို့နယ်၊ အုန်းမတီးရွာအနီးမှာဖြစ်ခဲ့တာပါ။ အဲဒီနေရာက တပ်မတော်နဲ့ TNLA အဖွဲ့တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာကို အားလုံးသိပြီးဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။
ဖြစ်စဥ်သည် ဧပြီ ၁ ရက်ည ၉ နာရီခွဲခန့်က နောင်ချိုဘက်မှ မော်တော်ယာဥ်(၉)စီးခန့်ပါသောယာဥ်တန်းသည် အုန်းမတီးရွာအနီးရောက်ရှိလာချိန်၌ တပ်မတော်လုံခြုံရေးအဖွဲ့က မီးအချက်ပြတားဆီးခဲ့သော်လည်း တားဆီး၍မရသဖြင့် မီတာ ၁၀၀ ခန့်အကွာအရောက်တွင် မိုးပေါ်ထောင်၍သေနတ်ပစ်ဖောက်တားဆီးရာ ယင်း ယာဥ်တန်းသည် နောင်ချိုဘက်သို့ပြန်လှည်သွားခဲ့သည်ဟု ပြောသည်။
ဖြစ်စဥ်မတိုင်မီ ယခုဖြစ်စဥ်ဖြစ်ပွားခဲ့သည့် လမ်းအားဖြတ်သန်းဝင်ရောက်လာသော နိုင်ငံတကာတွင်ကယ်ဆယ်မှုများပြုလုပ်လျက်ရှိသည့် တရုတ်နိုင်ငံမှ Blue Sky ကယ်ဆယ်ရေးအဖွဲ့သည် ကြိုတင်အကြောင်းကြားထားမှုကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ၎င်းတို့၏လုံခြုံရေးအတွက် လမ်းတစ်လျှောက်ဆောင်ရွက်ပေးခဲ့မှုကြောင့် လက်ရှိအချိန်တွင် ယင်း အဖွဲ့သည် မန္တလေးမြို့၌ကူညီကယ်ဆယ်မှုများပြုလုပ်ပေးလျက်ရှိသည်ဟု ပြောသည်။
” အခုဖြစ်စဥ်ကို တပ်မတော်အနေနဲ့ကော တာဝန်ရှိသူတွေအနေနဲ့ကော စုံစမ်းနေပါတယ်။ ဒီအဖွဲ့နဲ့ပတ်သက်ပြီးတော့လည်း မေးမြန်းနေပါတယ်။ တက်လာတဲ့ပုံတွေအရဆိုရင် သူတို့အသုံးပြုလာတဲ့ကားတွေက မြန်မာနိုင်ငံကကုန်တင်ကားတွေဘဲဖြစ်တာကိုတွေ့ရပါတယ်။ အဲဒီအဖွဲ့က တရုတ်ကြက်ခြေနီအသင်းလို့ပြောပါတယ်။ ဒီဖြစ်စဥ်မှာ လူသေဆုံး ထိခိုက်ဒဏ်ရာရတာမရှိပါဘူး”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ထို့ကြောင့် နိုင်ငံတကာမှကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အသိပေးရခြင်းများ၊ အကြောင်းကြားရခြင်းများ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက်ဆောင်ရွက်နေသဖြင့် နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် ကြိုတင်အကြောင်းကြားခြင်း၊ ညှိနှိုင်းခြင်းများ၊ လုံခြုံရေးအကူအညီရယူဆောင်ရွက်ခြင်းများကို ဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံလိုသည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။