တရုတ်နိုင်ငံခြားရေးဝန်ကြီးသည် ၃၅ နှစ်ကြာ အစဉ်အလာကို ထိန်းသိမ်းလျှက် အာဖရိကဒေသသို့ နှစ်စဉ်နှစ်သစ်ကူးခရီးစဉ်ကို တနင်္ဂနွေနေ့တွင် စတင်ခဲ့ကြောင်းသိရသည်။ ဥရောပ၏ တည်ရှိမှု လျော့နည်းလာကာ၊ အမေရိက,က ယိမ်းယိုင် တွေဝေနေသည့် အခြေအနေတွင် သယံဇာတ အရင်းအမြစ်ကြွယ်သောဒေသကြီးအပေါ် ပေကျင်း၏ ကြီးမားသောသြဇာလွှမ်းမိုးထားမှုကို တိုးတိတ်စွာလူမသိသူမသိ မြှင့်တင်လာခြင်းဖြစ်သည်။
ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်၏ အိမ်ဖြူတော်အပြန်အတွက် ကမ္ဘာလုံးတစ်ဝန်း ရင်းနှီးမြှုပ်နှံသူများ ပြင်ဆင်နေရချိန်၊ ယူကရိန်းစစ်ပွဲ၊ အရှေ့အလယ်ပိုင်းစစ်ပွဲနှင့် ဂျာမနီနှင့် ပြင်သစ်ဝန်ကြီးများ ပြည်တွင်းနိုင်ငံရေးကိစ္စများနှင့် လုံးပန်းနေရချိန်တွင် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် နမီးဘီးယား၊ ကွန်ဂိုသမ္မတနိုင်ငံ၊ ချဒ်နှင့် နိုင်ဂျီးရီးယားနိုင်ငံတို့တွင် ရောက်ရှိနေခြင်းသည် အာဖရိကနှင့် တရုတ်နိုင်ငံ၏ စဉ်ဆက်မပြတ်သော ထိတွေ့ဆက်ဆံမှုကို မီးမောင်းထိုးပြနေသည်ဟု လေ့လာသူများက ပြောကြားကြသည်။
ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားကြီးနိုင်ငံသည် အကြွေးပိနေသော တိုက်ကြီးအတွက် ဘဏ္ဍာရေးဆိုင်ရာ အထောက်အပံ့ကို မြှင့်တင်ပေးနေပြီး၊ ပိုမိုအရေးကြီးသော တွင်းထွက်သတ္ထု့ဆိုင်ရာ သဘောတူညီချက်များရရှိရန်နှင့် ပို့ကုန်များကို သိမ်းယူရန်အတွက် ဈေးကွက်များရှာနေချိန်တွင် ဝမ်၏ ရက်သတ္တပတ်ကြာ ခရီးစဉ်ပေါ်ထွက်လာခြင်းဖြစ်သည်။
အာဖရိကသည် ဘယ်သောအခါမှ မေ့ပျောက်မရသော တိုက်ကြီးတစ်ခုဟု တရုတ်နိုင်ငံက အခိုင်အမာယုံကြည်ကြောင်း၊ ရှင်သန်မှု၏ ရင်းမြစ်နှင့် ဖွံဖြိုးတိုးတက်မှုအလားအလာများ အပြည့်ရှိသောနယ်မြေဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Guo Jiakun က တနင်္လာနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
Ref: သည်စထရိတ်တိုင်းမ်စ်