တရုတ်နိုင်ငံတွင် ရေကြီးရေလျှံမှုကြောင့်လေးဦးသေဆုံး
ပေကျင်း၊ဩဂုတ် ၁၃
တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင် သြဂုတ်လ ၁၃ ရက် စနေနေ့က ရေလွှမ်းမိုးမှုကြောင့် လူလေးဦးသေဆုံးပြီး ကိုးဦး ထက်မနည်းဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောကြားခဲ့သည်။
တရုတ်မီဒီယာကထုတ်လွှင့်သည့်ဗီဒီယိုဖိုင်တစ်ခုတွင် စီချွမ်ပြည်နယ် ပင်ကျိုးမြို့အစွန်ရှိ မြစ်တစ်စင်းတွင် ရေများမြင့်တက်လာသည်ကို တွေ့ရသည်။
ရေတိမ်ပိုင်းတွင် ရေကစားနေကြသော ခရီးသွားဧည့်သည်များလည်း ဘေးလွတ်ရာသို့ပြေးလာကြကာ ကျောက်ဆောင်များပေါ်သို့ပြေးတက်နေသည်ကို တွေ့မြင်ရသည်။သို့သော် အချို့မှာမြစ်ကမ်းပါးသို့ အချိန်မီမရောက်ရှိနိုင်ခဲ့ကြပေ။
မြစ်လယ်ရှိကျောက်တုံးတစ်တံုးေပါ်တွင် ကျန်နေသောအမျိုးသမီးတစ်ဦးသည်လည်း ခြေချော်ကျကာ ရေစီးနှင့်မျောပါသွားသည်ကို နိုင်ငံပိုင်မီဒီယာတစ်ခုဖြစ်သည့် Youth Dailyကတင်ထားသော ဗီဒီယိုထဲတွင်မြင်တွေ့နိုင်သည်။
“ညနေ ၇း၃၀ အထိဒီရေကြီးမှုကြောင့် လူလေးဦးသေဆုံးပြီး သုံးဦးပြင်းထန်ဒဏ်ရာရတယ်။ ခြောက်ဦးကမစိုးရိမ်ရတဲ့ဒဏ်ရာေတွရရှိခဲ့ပါတယ်” ဟု ပင်ကျိုး၏ အရေးပေါ်တုံ့ပြန်ရေး အာဏာပိုင်များက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နွေရာသီကာလတွင် တရုတ်နိုင်ငံ၏ပြင်းထန်သော ရာသီဥတုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လေ့ရှိကာ ဇူလိုင်လမှစ၍ ရှန်ဟိုင်းအပါအဝင် မြို့ကြီးအတော်များများတွင် အပူချိန်အမြင့်ဆုံးဖြင့်စံချိန်တင်မြင့်တက်လျက်ရှိသည်။
ရာသီဥတုဖောက်ပြန်မှုကြောင့် ကမ္ဘာတစ်ဝန်း၌ ရာသီဥတုများ ပိုမိုဖြစ်ပွားလေ့ရှိပြီး ကမ္ဘာ့အပူချိန်မြင့်တက်လာသည်နှင့်အမျှ ရာသီဥတုဖောက်ပြန်မှုပိုမိုပြင်းထန်လာဖွယ်ရှိသည်ဟု သိပ္ပံပညာရှင်များက ပြောကြားခဲ့သည်။
ယခုတစ်ပတ်အကုန်၌ နိုင်ငံအနှံ့အပြားတွင် အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာနိုင်သဖြင့် အပူချိန်မြင့်မားမှုအန္တရာယ်အတွက် အစိုးရမိုးလေဝသဌာနက အနီရောင်အဆင့်သတိပေးချက်ကို ထုတ်ပြန်လိုက်ကြောင်း နိုင်ငံပိုင်သတင်းအေဂျင်စီ ရှင်းဟွာသတင်းဌာနက စနေနေ့တွင်ဖော်ပြခဲ့သည်။
ဇွန်လအတွင်းကလည်း တရုတ်နိုင်ငံတောင်ပိုင်းက ပြင်းထန်သောရေကြီးရေလျှံမှုကြောင့် လူပေါင်းသန်းဝက်ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး အမေရိကန်ဒေါ်လာ သန်း ၂၅၀ ခန့်စီးပွားရေးထိခိုက်မှုရှိခဲ့သည်။
Source – အေအက်ဖ်ပီ