တရုတ်သမ္မတ ရှီကျင့်ဖျင်သည် လူမှုအသိုင်းအဝိုင်းအတွင်း သက်ကြီးရွယ်အိုများ လျင်မြန်စွာ တိုးပွားလာခြင်းနှင့် ကလေးမွေးနှုန်း ကျဆင်းလာခြင်း ပြဿနာများကို ရင်ဆိုင်ရန်အတွက် သက်ကြီးရွယ်အိုများ တက်ရောက်နိုင်သော အမျိုးသားတက္ကသိုလ်ကို တည်ထောင်ရန် ကြေညာခဲ့သည်။
အဆိုပါ တက္ကသိုလ်အား အစိုးရပိုင် အိုးပန်းတက္ကသိုလ်က တာဝန်ယူကြီးကြပ်မည် ဖြစ်ကြောင်း တရုတ်နိုင်ငံ ပညာရေးဝန်ကြီးဌာနက ပြီးခဲ့သည့်အပတ် ကြာသပတေးနေ့တွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်အရ သိရသည်။
ထိုတက္ကသိုလ်တွင် အသက် ၆၀ နှင့် ၆၀ နှစ်အထက် ကျောင်းသားများသည် နိုင်ငံခြားဘာသာစကား၊ အသုံးချ ကွန်ပြူတာ ပညာရပ်၊ ဂီတနှင့် အကပညာရပ်များ အပြင် ပန်းချီ၊ အားကစား၊ အချက်အပြုတ်နှင့် အခြားသော လက်မှုပညာရပ်များကိုပါ သင်ယူနိုင်မည်ဖြစ်ကြောင်း တရုတ်သတင်းဌာနဖြစ်သည့် ဂလိုဘယ်လ်တိုင်းမ်စ်က ဖော်ပြထားသည်။
တရုတ်နိုင်ငံတွင် ၂၀၂၁ ခုနှစ်၌ အသက် ၆၀ နှင့် ၆၀ နှစ်အထက် လူဦးရေပေါင်း ၂၆၇ သန်းအထိ ရှိလာပြီး နိုင်ငံ့ လူဦးရေ စုစုပေါင်း၏ ၁၈ ဒသမ ၉ ရာခိုင်နှုန်းစာ ရှိလာခဲ့သည်။
ထိုပြင် ၂၀၂၁ ခုနှစ်၌ တရုတ်နိုင်ငံ၏ ကလေးဖွားနှုန်းမှာ ၁ ဒသမ ၁၆ ရာခိုင်နှုန်းသာ ရှိလာပြီး စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ (OECD) က သတ်မှတ်ထားသည့် တည်ငြိမ်သော ကလေးမွေးဖွားနှုန်း ၂ ဒသမ ၁ စံနှုန်းထက် များစွာ လျော့နည်းလျက်ရှိသည်။
Source: WIONews