တရုတ်နိုင်ငံသို့သွားရောက်မည့် မြန်မာနိုင်ငံသားများ သွားလာမှုအဆင်ပြေစေရန် ဗီဇာကြေးလျော့ချခြင်းအား တရုတ်ကောင်စစ်ဝန်ရုံးက ကာလတိုအဖြစ်သတ်မှတ်ပြုလုပ်ပေးခဲ့ပြီးဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
ထိုသို့ ပြုလုပ်ပေးခဲ့ပြီးနောက် ဗီဇာကြေးလျော့ချမှုကာလအား ထပ်မံတိုးမြှင့်သည့်အနေဖြင့် တရုတ်နိုင်ငံသို့သွားရောက်မည့် မြန်မာနိုင်ငံသားများအနေဖြင့် လာမည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်အထိ အကျိုးခံစားခွင့်ရမည်ဖြစ်ကြောင်း သိရသည်။
လျော့ချပေးခဲ့သည့် ဗီဇာကြေး၌ မြန်မာနိုင်ငံသားများအနေဖြင့် တရုတ်နိုင်ငံသို့ (၁)ကြိမ်ပြည်ဝင်ခွင့်အတွက် အမေရိကန်ဒေါ်လာ (၃၇)ဒေါ်လာ၊ (၂) ကြိမ်ပြည်ဝင်ခွင့်အတွက် အမေရိကန်ဒေါ်လာ (၅၆)ဒေါ်လာ၊ (၆)လအတွင်းအကြိမ်များစွာပြည်ဝင်ခွင့်အတွက် အမေရိကန်ဒေါ်လာ (၃၀၀)၊ (၁) နှစ်အထက် အကြိမ်များစွာပြည်ဝင်ခွင့်အတွက် အမေရိကန်ဒေါ်လာ (၄၅၀)သာကျသင့်မည်ဖြစ်ပြီး အမြန်ကြေးအဖြစ် အမေရိကန်ဒေါ်လာ (၂၅) ဒေါ်လာဖြစ်ကြောင်း သိရသည်။
အဆိုပါ လျော့ချပေးခဲ့သည့် ဗီဇာကြေးများသည် မြန်မာနိုင်ငံသားများအတွက်သာဖြစ်ပြီး မျှတခြင်းဆိုင်ရာအခြေခံသဘောတရားအရ မြန်မာနိုင်ငံရှိ အခြားနိုင်ငံသားများအတွက်မှာမူ ဗီဇာကြေးသတ်မှတ်ချက်မတူညီဘဲ အသေးစိတ်ဗီဇာကြေးသည် ဗီဇာထုတ်ယူရန် သံရုံးမှပေးသည့် ပြေစာပေါ်ရှိ ငွေကြေးပမာဏသည်သာအမှန်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး ဖုန်း ၀၀၉၅- ၉၈၉၄၈၅၃၁၈၈ သို့ ရုံးချိန်ဖြစ်သည့် မွန်းလွဲ ၂ နာရီမှည ၆ နာရီအတွင်း ဆက်သွယ်စုံစမ်းနိုင်ကာ Email : [email protected] သို့လည်းဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။