တရုတ်နိုင်ငံ တဲဟုန်ပြည်နယ်ခွဲသို့ MoU စနစ်ဖြင့် မြန်မာအလုပ်သမားများစေလွှတ်နိုင်ရေးပူးပေါင်းဆောင်ရွက်ရန် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်နောင်နှင့် တရုတ်နိုင်ငံ၊ တဲဟုန်ခရိုင်ပြည်သူ့အစိုးရ ယူနန်ပြည်နယ် ဒု-အုပ်ချုပ်ရေးမှူး Mr. Liu Yipeng တို့ဆွေးနွေးခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးဦးမြင့်နောင်မှ ယူနန်ပြည်နယ် ဒု-အုပ်ချုပ်ရေးမှူး Mr. Liu Yipeng အား ယမန်နေ့ ဒီဇင်ဘာ ၂၆ ရက်နံနက်ပိုင်းက နေပြည်တော်၌လက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်သည်။
တွေ့ဆုံစဉ် မြန်မာအလုပ်သမားများအနေဖြင့် နှစ်နိုင်ငံနယ်စပ် ဝင်/ထွက်ပေါက်များမှတစ်ဆင့် တရားဝင်နေထိုင်အလုပ်လုပ်ကိုင်ရေး၊ တရုတ်နိုင်ငံအလုပ်ရှင်များအပေါ် ကြပ်မတ်ဆောင်ရွက်ရမည့်ကိစ္စများ၊ ရာဇဝတ်မှုဆိုင်ရာကိစ္စရပ်များနှင့် အခြားမလိုလားအပ်သည့် အခြေအနေများမဖြစ်ပေါ်စေရေး MoU စနစ်ဖြင့် မြန်မာအလုပ်သမားစေလွှတ်နိုင်ရန် တရုတ်နိုင်ငံနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်ကိစ္စများကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် တဲဟုန်ပြည်နယ်ခွဲ အစိုးရအဖွဲ့အနေဖြင့် MoU စနစ်ဖြင့် တရားဝင်အလုပ်လုပ်ကိုင်သည့် မြန်မာအလုပ်သမားများနှင့် တရားမဝင်ရောက်ရှိ လုပ်ကိုင်နေသော မြန်မာအလုပ်သမားများအတွက် အလုပ်သမားအခွင့်အရေးပြည့်ဝစွာရရှိနိုင်ရေး ကူညီကာကွယ်စောင့်ရှောက်ပေးနိုင်ရန်နှင့် နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော် အလုပ်သမားပူးပေါင်းဆောင်ရွက်မှုများ ချစ်ကြည်ရင်းနှီးစွာဆောင်ရွက်နိုင်ရန် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်ကိစ္စများကိုလည်းဆွေးနွေးခဲ့ကြသည်။
တရုတ်နိုင်ငံ တဲဟုန်ပြည်နယ်ခွဲသို့ မြန်မာအလုပ်သမားများကို MoU စနစ်ဖြင့် တရားဝင်စေလွှတ်နိုင်ရန် တဲဟုန်ပြည်နယ်ခွဲအစိုးရနှင့် အလုပ်သမားရေးရာပူးပေါင်းဆောင်ရွက်မည့် နားလည်မှုစာချွန်လွှာ(MoU)အား ဇန်နဝါရီ ၁၂ ရက်က တရုတ်နိုင်ငံ၊ မန်စီမြို့တွင်လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။