ပေကျင်း၊အောက်တိုဘာ ၁၄
တရုတ်ကာကွယ်ရေးဝန်ကြီး Dong Jun သည် ရုရှားကာကွယ်ရေးဝန်ကြီး Andrei Belousov နှင့် တနင်္လာနေ့က ပေကျင်း၌တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။
ယခုနှစ်တွင်ကျရောက်သည့် တရုတ်နှင့်ရုရှားသံတမန်ဆက်ဆံရေး ၇၅ နှစ်မြောက် နှစ်ပတ်လည်နေ့နှင့်ပတ်သက်၍လည်း မစ္စတာ Dong က နှစ်နိုင်ငံအကြား အပြန်အလှန်ယုံကြည်မှုနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်မှုများပါဝင်သောဆက်ဆံရေးသည် စံနမူနာတစ်ခုဖြစ်သည်ဟုလည်းပြောကြားခဲ့သည်။
နှစ်နိုင်ငံတပ်မတော်များအနေဖြင့် မဟာဗျူဟာပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ဆောင်ရွက်သင့်သည့်အပြင်ပူးပေါင်းဆောင်ရွက်မှုအရည်အသွေးနှင့် ထိရောက်မှုတို့ကိုပါမြှင့်တင်သင့်ကြောင်းလည်းပြောကြားခဲ့သည်။
ထို့ပြင် နှစ်ဖက်စလုံးသည် စစ်ဘက်ဆက်ဆံရေးကို တိုးတက်ရေး၊နှစ်နိုင်ငံ၏ ဘုံအကျိုးစီးပွားကို ခိုင်မြဲစွာ ကာကွယ်ရန်နှင့် ကမ္ဘာလုံးဆိုင်ရာတည်ငြိမ်မှုမဟာဗျူဟာကိုကာကွယ်ရန်အတွက်လည်း အတူတကွလုပ်ဆောင်သင့်ကြောင်းပြောကြားခဲ့ကြသည်။
ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသတွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးတို့ကို ကာကွယ်ရာတွင် ရုရှားနှင့်တရုတ်တို့ကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးကြောင်းလည်း Belousov ကပြောကြားခဲ့သည်။
ရုရှားဘက်မှလည်း တရုတ်နိုင်ငံနှင့်အတူ ထိရောက်သောပူးပေါင်းဆောင်ရွက်မှုများ စဉ်ဆက်မပြတ်ဆောင်ရွက်ရန်နှင့် လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုများကို ပူးပေါင်းဖြေရှင်းရန်ဆန္ဒရှိကြောင်း Belousov ကဆက်လက်ပြောကြားခဲ့သည်။
Source : ရှင်းဟွာ