လီမာ၊နိုဝင်ဘာ ၁၇
တရုတ်သမ္မတရှီကျင့်ဖျင်သည် ပီရူးနိုင်ငံ၊လီမာ၌ကျင်းပသည့် ၃၁ ကြိမ်မြောက် အေပက်စီးပွားရေးခေါင်းဆောင်များ အစည်းအဝေးပြင်ပတွင် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နှင့်တွေ့ဆုံခဲ့ကြောင်းသိရသည်။
သမ္မတဘိုင်ဒင်နှင့်ထပ်မံတွေ့ဆုံရသည့်အတွက် ဝမ်းသာမိကြောင်း ၎င်းကပြောကြားခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးသည် လေးနှစ်တာကာလအတွင်း အတက်အကျများရှိခဲ့သော်လည်း သမ္မတနှစ်ဦး၏ ပူးတွဲစောင့်ကြပ်မှုဖြင့် နှစ်ဘက်အကျိုးရှိသည့်ဆွေးနွေးညှိနှိုင်းမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို လုပ်ဆောင်ခဲ့သည်ဟုလည်းဆိုခဲ့သည်။
နှစ်နိုင်ငံအနေဖြင့်မိတ်ရင်းဆွေကောင်းများပမာ တစ်ဦးအခက်အခဲတစ်ဦးကူညီကာ သင့်သင့်မြတ်မြတ်ရှိစေမည်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်မှုကိုလည်း သိသိသာသာရရှိစေမည်ဖြစ်သည်။
အကယ်၍ တစ်ဦးနှင့်တစ်ဦး ရန်သူပြိုင်ဘက်လိုသဘောထားပါက မည်သူ့အတွက်မျှအကျိုးမရှိနိုင်သလို နှစ်ဦးနှစ်ဖက် ရန်များရမည်မှာအမှန်ပင်ဖြစ်သည်ဟုလည်း ရှီကဆက်လက်ပြောကြားခဲ့သည်။
အဓိကအင်အားကြီးနိုင်ငံနှစ်ခုအနေဖြင့် တရုတ်နှင့် အမေရိကတို့သည် ကမ္ဘာတစ်ခုလုံး၏ အကျိုးစီးပွားကို အလေးထားသင့်ပြီး အပြုသဘောဆောင်သော ဆောင်ရွက်မှုများဖြင့် ကမ္ဘာ့အရေးများတွင်ပါဝင်သင့်သည်ဟုလည်း၎င်းကပြောကြားခဲ့သည်။
တည်ငြိမ်သော တရုတ်-အမေရိကန် ဆက်ဆံရေးဟူသည့်ယုံကြည်ချက်ကို ရှီက အလေးပေးပြောကြားခဲ့ပြီး ကမ္ဘာ့အရေးအကြီးဆုံးနှစ်နိုင်ငံ၏ဆက်ဆံရေးသည် နှစ်ဖက်ပြည်သူများ၏အကျိုးစီးပွားအတွက်သာမက လူသားတစ်ရပ်လုံး၏ အနာဂတ်နှင့်ကံကြမ္မာအတွက်ပါအရေးကြီးသည်ဟုလည်းဆက်လက်ပြောကြားခဲ့သည်။
Source : ရှင်းဟွာ