တရုတ်နှင့် အာဆီယံနိုင်ငံများအကြား စီးပွားရေးနှင့် ကုန်သွယ်မှုပူးပေါင်း ဆောင်ရွက်မှုများနှင့် ပတ်သက်၍ စီးပွားရေး ပညာရှုထောင့်မှ အမြင်ချင်းဖလှယ်ဆွေးနွေးသည့် ဖိုရမ်သို့ နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်း ပါဝင်တက်ရောက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။
ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့ရှိ Guangxi University ၌ ဒီဇင်ဘာ (၂၈) ရက်က ကျင်းပခဲ့သည့် China-ASEAN Economic and Trade Cooperation International Forum & 2024 Annual Meeting of the China Association for International Economic Cooperation သို့ နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်းသည် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဖိုရမ်၌ Guangxi University ၏ ပါတီကော်မတီအတွင်းရေးမှူး Mr. Li Guozhong၊ China International Economic Cooperation Society ၏ ဥက္ကဋ္ဌ Ms. Gao Yuanyuan နှင့် တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(ငြိမ်း) Mr. Chen Jian တို့က အဖွင့် အမှာစကားများ အသီးသီး ပြောကြားခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဖိုရမ်သို့ တရုတ်နိုင်ငံရှိ တက္ကသိုလ်များနှင့် ထိုင်း၊ ဗီယက်နမ်၊ မလေးရှားနှင့် ကမ္ဘောဒီးယားနိုင်ငံရှိ တက္ကသိုလ်များမှ ပါမောက္ခများ၊ စီးပွားရေးပညာရှင်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ နန်နင်းမြို့အခြေစိုက် မလေးရှားနှင့် ကမ္ဘောဒီးယားကောင်စစ်ဝန်ချုပ်ရုံးတို့မှ ကောင်စစ်ဝန်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဖိုရမ်ကို တရုတ်နှင့် အာဆီယံနိုင်ငံများအကြား စီးပွားရေးနှင့် ကုန်သွယ်မှုပူးပေါင်း ဆောင်ရွက်မှုများနှင့် ပတ်သက်၍ စီးပွားရေးပညာရှုထောင့်မှ အမြင်ချင်းဖလှယ်ဆွေးနွေးရန် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် စီးပွားရေးပညာ ဘာသာရပ်နှင့် ပတ်သက်၍ တရုတ်နှင့် အာဆီယံနိုင်ငံများရှိ တက္ကသိုလ်များ အကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။