တရုတ်နိုင်ငံသို့ ပျံသန်းနေသော အဲရ်အေးရှား လေယာဉ်တစ်စင်းသည် ပျံတက်ပြီး သိပ်မကြာမီတွင် အင်ဂျင်မီးလောင်ခဲ့သောကြောင့် မူလပျံတက်ခဲ့ရာ ကွာလာလမ်ပူလေဆိပ်သို့ ပြန်လှည့်ခဲ့ရသည်။ ထိခိုက်ဒဏ်ရာရမှုမရှိဘဲ လုံခြုံဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့သည်ဟု မလေးရှားအာဏာပိုင်များက ကြာသပတေးနေ့(မတ်လ၂၇ရက်နေ့) တွင် ပြောကြားခဲ့သည်။
ရှန်ကျန်းမြို့သို့ ပျံသန်းမည့် အဲရ်ဘတ်စ် အေ-၃၂၀ အမျိုးအစား ခရီးစဉ်အမှတ် အေကေ-၁၂၈ လေယာဉ်သည် ဗုဒ္ဓဟူးနေ့ ဒေသစံတော်ချိန် ည ၁၀ နာရီအချိန်ခန့်က ပျံတက်သွားခဲ့ပြီး မကြာမီပင် ညာဘက် အင်ဂျင်မီးလောင်မှုဖြစ်ပွားခဲ့သောကြောင့် ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လှည့် ဆင်းသက်ခဲ့ရသည်ဟု ဆီလန်ဂါပြည်နယ် မီးသတ်ဌာနကသတင်း ထုတ်ပြန် ခဲ့သည်။
မီးလောင်မှုကို လေယာဉ်တွင်ပါဝင်သည့် မီးသတ်စနစ်ဖြင့် လုံး၀ ငြိမ်းသတ်နိုင်ခဲ့ပြီး ညသန်းခေါင်ကျော်လောက်တွင် ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့ကြောင်းနှင့် လေယာဉ်ပေါ်ပါ ခရီးသည်နှင့် အမှုထမ်း ၁၇၁ ဦးစလုံး ဒဏ်ရာအနာတရမဖြစ်ခဲ့ကြောင်း မီးသတ်ဌာနက ပြောဆိုသည်။
မီးသတ်ဝန်ထမ်းများသည် လေယာဉ်ပေါ်ပါ ခရီးသည်နှင့် အမှုထမ်း တစ်ဦးမကျန် ထွက်ခွာသွားနိုင်စေရန် ဆောင်ရွက်ခဲ့ကာ နောက်ထပ်မီးလောင်မှုများ ထပ်မဖြစ်စေရေးအတွက် စစ်ဆေးမှုများပြုလုပ်ခဲ့သည်ဟု မီးသတ်ဌာနက ပြောကြားခဲ့သည်။
ယခုဖြစ်စဉ်နှင့်ပတ်သက်၍ အဲရ်အေးရှား၏ မိခင်ကုမ္ပဏီ Capital A ကို မေးမြန်းခဲ့သော်လည်း လတ်တလောတွင် တုန့်ပြန်ဖြေကြားခြင်း မရှိသေးပေ။
Ref: စီအင်န်ဘီစီ