တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ပေါ်တူဂီကိုလိုနီနယ်မြေဟောင်း ပေကျင်း၏ အုပ်ချုပ်မှုအောက်ရောက်ရှိမှု ၂၅ နှစ်မြောက် အထိမ်းအမှတ်အတွက် ဗုဒ္ဓဟူးနေ့တွင် မကာအိုသို့ ရောက်ရှိခဲ့သည်။ ၎င်း၏ သုံးရက်ကြာခရီးစဉ်အတွင်း ရှီသည် ကာစီနိုလုပ်ငန်း အပေါ်အမှီပြုသည့် မကာအိုကို အခြားကဏ္ဍများအတွက်လည်း တိုက်တွန်းဖွယ်ရှိသည်။
ရှီသည် ကမ္ဘာ့အကြီးဆုံး လော-င်းကစားအချက်အချာနယ်မြေကို သမ္မတအဖြစ် တတိယအကြိမ်မြောက်သွားရောက်သည့် ခရီးစဉ်ဖြစ်ပြီး အောက်တိုဘာလအတွင်းက ရွေးကောက်ခံခဲ့ရသည့် ဒေသ အမှုဆောင်အရာရှိချုပ်အသစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်မည်ဖြစ်သည်။ အိမ်နီးချင်း ဘဏ္ဍရေးအချက်အချာဟောင်ကောင်တွင် အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုများ ပြင်းထန်နေသည့် ၂၀၁၉ ခုနှစ်က ရှီသည် မကာအိုသို့ နောက်ဆုံးသွားရောက်ထားခဲ့သည်။
တရုတ်နိုင်ငံ၏ အထူးအုပ်ချုပ်ခွင့်ရဒေသဖြစ်သော မကာအိုသည် နိုင်ငံတွင် လေ-ာင်းကစားလုပ်ငန်းကို တရားဝင်ခွင့်ပြုပေးသည့် တစ်ခုတည်းသောနေရာဖြစ်ပြီး ၎င်း၏ စီးပွားရေးသည် ဒေသတွင်း အခွန်ဝင်ငွေ၏ ၈၀ ရာခိုင်နှုန်းကို ပံ့ပိုးပေးထားသည့် ကာစီနိုလုပ်ငန်းအပေါ် များစွာမှီခိုသည်။
တရုတ်နိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းတွင် တည်ရှိသော မကာအိုသည် ၁၉၉၉ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် တရုတ်အုပ်ချုပ်မှုအောက်သို့ ပြန်လည်ရောက်ရှိခဲ့ပြီး ဟောင်ကောင်ကဲ့သို့ တစ်နိုင်ငံ စနစ်နှစ်မျိုး ပုံစံဖြင့် အုပ်ချုပ်သည်။
၎င်း၏ လူဦးရေ ၇ သိန်းခန့်အနက် ထက်ဝက်ကျော်သည် မကြာသေးခင် ဆယ်စုနှစ်များအတွင်း တရုတ်မှ ပြောင်းရွှေ့လာသူများဖြစ်ပြီး မကာအို၏ သစ္စာစောင့်သိမှုနှင့် တည်ငြိမ်မှုအတွက် တရုတ်က အမြဲတစေ ချီးကျူးခဲ့သည်။
၂၅ နှစ်မြောက်အထိမ်းအမှတ် အခမ်းအနားအတွက် ပြင်ဆင်ထားမှုအဖြစ် မကာအိုမြို့ပတ်လမ်းများနှင့် အဆောက်အအုံများပေါ်တွင် တရုတ်နိုင်ငံအလံများနှင့် အနီရောင် ဂုဏ်ပြုစာတမ်းများ လွင့်ပျံလျက်ရှိသည်။
Ref: အမ်အက်စ်အင်န်