တရုတ်နိုင်ငံမှ ကုမ္ပဏီများဖြစ်သည့် အရှေ့တောင်အာရှရေနံပိုက်လိုင်းကုမ္ပဏီ(SEAOP)နှင့် အရှေ့တောင်အာရှ သဘာဝဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီ(SEAGP)တို့သည် မြန်မာနိုင်ငံ၌ ပရဟိတနှင့်လူမှုဖူလုံရေးလုပ်ငန်းပေါင်း(၄၉၃)ခု လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၁၇ ရက်က ရန်ကုန်မြို့၌ပြု လုပ်ခဲ့သည့် “တရုတ်-မြန်မာ ရေနံနှင့်သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း ၂၀၂၄ ESG အစီရင်ခံစာ”မိတ်ဆက်ပွဲတွင်ဖော်ပြခဲ့သည့် အစီရင်ခံစာအရ သိရသည်။
အစီရင်ခံစာအရ ယင်း ကုမ္ပဏီများသည် မြန်မာနိုင်ငံပညာရေးကဏ္ဍတွင် ကလေးငယ်များ၏ ပညာသင်ကြားမှုတိုးတက်ကောင်းမွန်လာစေရန် အခြေခံပညာအထက်တန်းနှင့် မူလတန်းကျောင်းများ၌ စာသင်ကျောင်းဆောင်(၁၆၃)ဆောင်၊ စာကြည့်တိုက်၊ ခန်းမ၊ လမ်းတို့နှင့်ပတ်သက်သည့် အဆောက်အဦ(၂၈)ခုနှင့် သင်ထောက်ကူပစ္စည်းများကို လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။
ထို့ပြင် ကျန်းမာရေးကဏ္ဍ၌ ဆေးရုံနှင့်ဆေးကုသရေးစင်တာစီမံကိန်း(၃၅)ခု၊ ဆေးရုံလူနာဆောင်၊ ပြင်ပလျှပ်စစ်ဓာတ်အားလိုင်း၊ ကားလမ်းတို့နှင့်သက်ဆိုင်သည့် အဆောက်အဦ(၉)ခု၊ လူနာတင် ကား(၁၁)စီးနှင့် ဆေးကုသရေးစက်ပစ္စည်းများ၊ ဒေသတွင်းကျန်းမာရေးနှင့် ကုသရေးဝန်ဆောင်မှုအဆင့်အတန်းမြှင့်တင်ပေးခြင်းများကိုလည်း ကူညီပြုလုပ်တည်ဆောက်ပေးခဲ့ကြောင်း သိရသည်။
ထို့အတူ လမ်းပန်းဆက်သွယ်ရေး အဆောက်အဦကဏ္ဍတွင် ပြည်သူများသွားလာရေးအဆင်ပြေချောမွေ့စေရန် လမ်း၊ တံတား၊ ဆိပ်ကမ်း၊ လမ်း ပန်းဆက်သွယ်ရေးအဆောက်အဦ(၁၁)ခုကို ကူညီတည်ဆောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ပြည်သူလူနေမှုဘဝအား အာမခံချက်ပေးသည့်ကဏ္ဍတွင် ရပ်ရွာလျှပ်စစ်ဓာတ်အားပေးရေးအဆောက်အဦ(၁၇)ခု၊ ရပ်ရွာ ရေတွင်း(သို့) ရေပေးဝေရေးပိုက်လိုင်း(၃၀)ခု၊ ဆက်သွယ်ရေးတာဝါတိုင်(၂)ခုတို့ကို တည်ဆောက်လှူဒါန်းပေးခဲ့ပြီး ဒေသခံများ၏ လျှပ်စစ်မီးအသုံးပြုမှု၊ သောက်ရေရရှိမှု၊ ဆက်သွယ်ရေးအခက်အခဲများအဆင်ပြေစေရေးတို့အတွက် ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ထို့အတူ မြန်မာနိုင်ငံ၌ သဘာဝဘေးအန္တရာယ်ကျရောက်ပြီးချိန်နှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ချိန်တို့တွင်လည်း (၁၂၁) ကြိမ် လှူဒါန်းကူညီမှုများပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။