ရှမ်း/အရှေ့ တာချီလိတ်မြို့၊ ဝမ်လုံးအုပ်စု၊ လွယ်စတုံအပေါ်ရွာတွင် လားဟူတိုင်းရင်းသား စုပေါင်းနှစ်သစ်ကူးပွဲတော်ကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စုပေါင်းပွဲတော်ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်သည် အနယ်နယ်အရပ်ရပ်တွင် ပျံ့နှံ့နေသော လားဟူတိုင်းရင်းသားများ တစ်နှစ်တစ်ကြိမ် ပြန်လည်ဆုံတွေ့စေရန်၊ လားဟူတိုင်းရင်းသား ယဉ်ကျေးမှုအမွေအနှစ်များဖြစ်သည့် ဘာသာသာသနာ၊ စာပေနှင့် ဝတ်စားဆင်ယင်မှု ရိုးရာဓလေ့များအား လေးစားဂုဏ်ယူနိုင်စေရန်၊ တိမ်မြုပ်နေသော ရိုးရာယဉ်ကျေးမှုများအား ပြန်လည်ဖော်ထုတ်နိုင်ရန် တစ်နှစ်တစ်ကြိမ်ပြုလုပ်ရခြင်းကြောင်း သိရသည်။
ပွဲတော်သို့ ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းတုံ၊ မိုင်းဆတ်မြို့များမှ လားဟူတိုင်းရင်းသားမောင်မယ်လူငယ်များက ရိုးရာမြေဝိုင်းအက၊ ခေတ်ပေါ်အဆိုအက၊ ဗူးပလွေမြေဝိုင်းအက၊ ခေတ်ပေါ်အကတို့ဖြင့်ဖျော်ဖြေခဲ့ကြပြီး၊ ရိုးရာချည်ပန်း ပေါက်ပွဲ၊ အမျိုးသားရိုးရာ ဂျင်ပေါက်ပွဲနှင့် အမျိုးသမီးရိုးရာ ဒိုးပစ်ပွဲများပြုလုပ်ကာ မီးရှူးမီးပန်းဖောက်၍ နှစ်သစ်ကို ကြိုဆိုခဲ့ကြကြောင်း သိရသည်။
လားဟူတိုင်းရင်းသားများသည် ၎င်းတို့ဝတ်ဆင်သော ရိုးရာအဝတ်အစား၏ အရောင်ကိုအမှီပြု၍ ကျိုင်းတုံခရိုင်တွင်အများဆုံးနေထိုင်သော လားဟူအနက်၊ မိုင်းဆတ်မြို့နယ်တွင် အများဆုံးနေထိုင်သော လားဟူအနီ၊ မိုင်းဖြတ်မြို့နယ်တွင် အများဆုံးနေထိုင်သော လားဟူအဝါ၊ လားဟူအဖြူနှင့် လားဟူကျိုင်းရှီးဟူ၍ မျိုးနွယ်စု ငါးစုမှ ပေါက်ဖွားကာ ယနေ့အထိ လားဟူမျိုးနွယ်စု ၂၀ ကျော် အထိရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။
၎င်းတို့၏ အထိမ်းအမှတ်မှာ ဗူးပလွေဖြစ်ပြီး၊ လားဟူတို့၏ ထင်ရှားသောအကမှာ ကာခေ့ပွဲဟုခေါ်သော မြေဝိုင်းအကဖြစ်ကာထင်းရှူးပင်ငယ်တစ်ပင်ကို အလယ်တွင်ထားပြီး ထင်းရှူးပင်ကို ဝိုင်းပတ်၍ တီးမှုတ်ကာ ကရသော အကတစ်မျိုးဖြစ်သည်။
နှစ်သစ်ကူးတွင် ခေါပုတ်ထောင်းရင်း ဆုံဆည်းကြမယ် အဓိပ္ပါယ်ရသော သီချင်းကို သီဆိုလေ့ရှိပြီးလားဟူးတိုင်းရင်းသားတို့၏ ထူးခြားသော ယဉ်ကျေးမှုတစ်ခုမှာ သက်ကြီး ဝါကြီးပုဂ္ဂိုလ်များကို လူငယ်များက ရိုးရာလက်ဆေး မင်္ဂလာခံယူခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ပွဲတော်သို့ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ် စိုးလှိုင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ တိုင်းရင်းသားရေးရာဝန်ကြီးဦးအောင်ကြည်ဝင်း၊ ရှမ်းပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးဇော်လွင်ဦး၊ ရှမ်းပြည်နယ် ဒုတိယပြည်နယ်ရဲမှူးကြီး သန့်ဇင်၊ တာချီလိတ်ခရိုင် လားဟူစာပေနှင့် ယဉ်ကျေးမှု ဥက္ကဌ ဦးဝီလ်ဆင်မိုး၊ မိုင်းပျဉ်းမြို့နယ် လားဟူစာပေနှင့် ယဉ်ကျေးမှု ဥက္ကဌ ဦးဟဲစံတို့တက်ရောက်ခဲ့ကြကြောင်း သိရသည်။