ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်းရှိ လမ်းများပေါ်တွင် လမ်းဘေးစျေးသည်များအား စျေးရောင်းချခွင့်မပြုတော့ကြောင်း ယနေ့ ဒီဇင်ဘာ ၁၁ ရက်နေ့လည်ပိုင်းကပြုလုပ်သည့် တာချီလိတ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးညှိနှိုင်းအစည်းအဝေးမှ သိရသည်။
မြို့တော်သန့်ရှင်းသာယာလှပရေးနှင့် ယာဉ် ကြောပိတ်ဆို့မှုလျော့ချနိုင်စေရန်ရည်ရွယ်၍ တာချီလိတ်မြို့နယ်တွင်းရှိ လမ်းမများဘေးတစ်လျှောက်တွင် စျေးရောင်းချနေသည့် လမ်းဘေးစျေးသည်များကို စျေးရောင်းချခွင့်မပြုတော့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ လမ်းဘေးတွင်စျေးရောင်းချခွင့်မပြုတော့သဖြင့် လမ်းဘေးစျေးသည်များ စျေးရောင်းချနိုင်ရန် ညစျေးနေရာသတ်မှတ်ပေး၍ ရောင်းချစေမည်ဖြစ်ကာ လမ်းဘေးတွင်စျေးရောင်းချခွင့်မပြုတော့ခြင်းအား လာမည့်ရက်ပိုင်းအတွင်း၌ သတိပေးနှိုးဆော်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အစည်းအဝေး၌ တာချီလိတ် ရွှေတိဂုံစေတီတော် အတက်အဆင်းလမ်းဘေးတွင် ဈေးဆိုင်ခန်းများ စနစ်တကျဆောက်လုပ်နိုင်ရေး၊ ဗိုလ်ချုပ်လမ်းမတစ်လျှောက် ပလက်ဖောင်းများပေါ်တွင် လမ်းဘေးဈေးသည်များစနစ်တကျရောင်းချမှုမရှိခြင်းအပေါ် ရပ်ကွက်အလိုက်အသိပေးဖယ်ရှားနိုင်ရေးနှင့် နယ်စပ်မြို့ဖြစ်၍ ခရီးသွားဧည့်သည်များလာရောက်ကြသဖြင့် ညစျေးစနစ်တကျဖွင့်လှစ်နိုင်ရန် နေရာရွေးချယ်ဆောင်ရွက်မည့် အစီအစဥ်များကိုလည်း ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။