တာချီလိတ်မြို့ရှိ ရပ်ကွက်များအတွင်း ရေဝင်ရောက်မှုအဆမတန်များပြားနေသဖြင့် အရေးပေါ်ကယ်ဆယ်ရေးစခန်း ၂ ခုဖွင့်လှစ်ထား
ရှမ်းပြည်နယ်၊တာချီလိတ်မြို့တွင် ရက်ပိုင်းအတွင်းကစတင်ကာ လက်ရှိအချိန်အထိ မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းခြင်းနှင့်အတူ ချောင်းရေမြင့်တက်ခဲ့သဖြင့် ရပ်ကွက်များအတွင်းနှင့်လမ်းများပေါ်တွင် ရေဝင်ရေကျော်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ရေဝင်ရောက်မှုများကြောင့် နေအိမ်အများအပြားတွင် ရေများတက်နေသဖြင့် တာချီလိတ်မြို့ တာဝန်ရှိသူများ၊မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းများက ရေဝင်ရောက်နေသည့် နေအိမ်မှလူများနှင့်ပစ္စည်းများအား ဘေးလွတ်ရာသို့ ယာယီရွှေ့ပြောင်းပေးလျက်ရှိသည်။
အလားတူ ရေဘေးအခက်အခဲကြုံတွေ့နေရသူများ ယာယီနေထိုင်နိုင်ရန် မြို့နယ်အားကစားရုံနှင့် မိုးကုတ်ဝိပသနာတရားရိပ်သာတို့အား အရေးပေါ်ကယ်ဆယ်ရေးစခန်းများအဖြစ် ဖွင့်လှစ်ထားကြောင်း သိရသည်။
“အခုကယ်ဆယ်ရေးစခန်း ၂ ခုဖွင့်ထားတယ် ရေဘေးဒုက္ခကြုံနေတဲ့လူတွေများလာရင်လည်း ကယ်ဆယ်ရေးစခန်းတွေထပ်ဖွင့်ရမယ့်အနေအထားမှာရှိတယ် အတော်များများကိုပို့ပေးထားရတယ်”ဟုလူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။
ရေဝင်ရောက်မှုများပြားနေသဖြင့် သွားလာ၍မရတော့သဖြင့် ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းမှ အစားအသောက်များအား လိုက်လံလှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။
အလားတူ တာချီလိတ်-မယ်ဆိုင် အမှတ် (၁)ချစ်ကြည်ရေးတံတားအောက်ခြေတွင်လည်း ရေစီးနှင့်အတူမျောပါလာသည့် သစ်လုံးများ၊အမှိုက်များအား ရေစီးနဲ့အတူ လျင်မြန်စွာမျောပါသွားစေရန် တာဝန်ရှိသူများက စက်အား၊လူအားဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့အတူ မယ်ဆိုင်ချောင်းရေမှာလည်း စိုးရိမ်ရေမှတ်ထက်ကျော်လွန်ရောက်ရှိနေသဖြင့် လိုအပ်သည့်ကြိုတင်စံမံမှုများအား တာဝန်ရှိသူများက အလျင်အမြန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Photo-ရှမ်းအရှေ့သတင်းမဏ္ဏိုင် / ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်း