တူရကီနှင့်အစ္စရေး သံတမန်ဆက်ဆံရေး အပြည့်အဝပြန်လည်ထူထောင်မည်
တူရကီနှင့်အစ္စရေးတို့သည် သံတမန်ဆက်ဆံရေးကို အပြည့်အဝပြန်လည်ထူထောင်ရန် သဘောတူညီခဲ့ကြပြီး နှစ်နိုင်ငံဆက်ဆံရေးတဖြည်းဖြည်းတိုးတက်ကောင်းမွန်လာ၍ သံအမတ်ကြီးအဆင့်ပြန်လည်ထားရှိတော့မည်ဖြစ်ကြောင်း သိရှိရသည်။
“ယခုလို ဆက်ဆံရေးတိုးမြှင့်လိုက်ခြင်းဖြင့် နှစ်နိုင်ငံပြည်သူများအကြား နက်ရှိုင်းသောဆက်ဆံရေး၊စီးပွားရေး၊ ကုန်သွယ်မှုနှင့်ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံမှုများကိုတိုးချဲ့ရန်နှင့် ဒေသတွင်းတည်ငြိမ်ရေးကို အားကောင်းစေမည်” ဟု အစ္စရေးဝန်ကြီးချုပ် Yair Lapid နှင့် တူရကီသမ္မတ Recep Tayyip Erdogan တို့ တွေ့ဆုံဆွေးနွေးမှုအပြီး၌ အစ္စရေးဝန်ကြီးချုပ်ရုံးမှ ဗုဒ္ဓဟူးနေ့ကထုတ်ပြန်ကြေညာခဲ့သည်။
“သံတမန်များအပြန်အလှန်ခန့်အပ်ခြင်းသည် နှစ်နိုင်ငံဆက်ဆံရေးပြန်လည် တိုးတက်ရေးအတွက် ခြေလှမ်းများထဲမှတစ်ခုဖြစ်သည်” ဟု တူရကီနိုင်ငံခြားရေးဝန်ကြီး Mevlut Cavusoglu က အန်ကာရာ၌ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ “ဒီလို အပြုသဘောဆောင်တဲ့ ခြေလှမ်းတွေကို အစ္စရေးကစတင်ခဲ့ခြင်းဖြစ်ပြီး တူရကီအနေဖြင့် တဲလဗီ၌သံအမတ်ကြီးခန့်အပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်” ဟုလည်းဆိုသည်။
မစ္စတာ Cavusolgu က ယခုကဲ့သို့ဆုံးဖြတ်ခြင်းသည် တူရကီအနေဖြင့် ပါလက်စတိုင်းကိစ္စကို လျစ်လျူရှုလိုက်ခြင်းမဟုတ်ကြောင်း ထပ်မံပြောကြားခဲ့သည်။
၂၀၁၈ ခုနှစ်၌ ဂါဇာနယ်စပ် ဂျေရုဆလင်တွင် အမေရိကန်သံရုံးဖွင့်လှစ်ခြင်းအပေါ် ဆန့်ကျင်ဆန္ဒပြမှုများအတွင်း အစ္စရေးတပ်ဖွဲ့ဝင်များက ပါလက်စတိုင်းပြည်သူ အယောက် ၆၀ အားသတ်ဖြတ်လိုက်သဖြင့် နှစ်နိုင်ငံသံအမတ်များကို အသီးသီးပြည်နှင်ဒဏ်ပေးကာ ရုပ်သိမ်းလိုက်ကြခြင်းဖြစ်သည်။
မတ်လက အစ္စရေးသမ္မတ Isaac Herzog ၏ တူရကီသို့ သွားရောက်လည်ပတ်မှုနှင့်နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးများ၏ အပြန်အလှန်သွားရောက်လည်ပတ်မှုများက ၁၀ နှစ်ကျော်ကြာတင်းမာမှုများကိုချုပ်ငြိမ်းစေကာ နွေးထွေးသောဆက်ဆံရေးကိုပြန်လည်ရရှိစေရန် အထောက်အကူပြုခဲ့သည်။
အစ္စရေးသည် ဒေသတွင်းအင်အားကြီးနိုင်ငံများနှင့် ဆက်ဆံရေးတိုးတက်ကောင်းမွန်ရန် ကြိုးပမ်းလာစဉ် အစ္စရေး၊ ဘာရိန်း၊ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နှင့် မော်ရိုကိုတို့အကြား ဆက်ဆံရေးကိုပုံမှန်ပြန်ဖြစ်စေသည့် Abraham Accords ဟုခေါ်သော သဘောတူညီချက်ကို နှစ်နှစ်အကြာတွင် သဘောတူညီခဲ့ခြင်းဖြစ်သည်။
Source – Aljazeera