တောင်ကိုရီးယားနိုင်ငံတွင် တောမီးများ လောင်ကျွမ်းနေမှုကို ငြိမ်းသတ်နိုင်ရန် ဆက်လက်ကြိုးပမ်းနေပြီး တနင်္လာနေ့တွင် အစိုးရက နိုင်ငံအရှေ့တောင်ပိုင်းရှိ Ulju၊ Uiseong နှင့် Hadong စီရင်စုသုံးခုကို အထူးသဘာဝဘေးအန္တရာယ်ဇုန်များအဖြစ် သတ်မှတ်ခဲ့သည်။
အာဏာပိုင်များသည် နိုင်ငံအရှေ့တောင်ပိုင်းဒေသတွင် လောင်ကျွမ်းနေသော တောမီးများကို လေးရက်ဆက်တိုက် ငြိမ်းသတ်နေချိန်တွင် ယခုကဲ့သို့ သတ်မှတ်ချက်များ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အစိုးရသည် Sancheong စီရင်စုကို အထူးသဘာဝဘေးအန္တရာယ်ဇုန်အဖြစ် စနေနေ့တွင် ကြေညာထားခဲ့ပြီးဖြစ်သည်။
အထူးဘေးအန္တရာယ်ဇုန်အဖြစ် သတ်မှတ်ထားသော နယ်မြေများသည် အစိုးရ၏ ကျယ်ပြန့်သော ပံ့ပိုးမှုအစီအမံများကို ရရှိနိုင်မည်ဖြစ်သည်။ လေကြောင်းတိုက်ခတ်မှုများကြောင့် ပျက်စီးဆုံးရှုံးမှုများ သိသိသာသာမြင့်တက်လာနိုင်သည်ကို အစိုးက မျှော်လင့်ထားသော်လည်း ယခုကဲ့သို့ ထပ်တိုးသတ်မှတ်မှုများ လုပ်လာခြင်းဖြစ်သည်။
သစ်တောအာဏာပိုင်များသည် ရဟတ်ယာဉ် ၃၆ စင်း၊ ဝန်ထမ်း ၂,၄၂၄ ဦးနှင့် မော်တော်ယာဉ် ၂၅၂ စီးတို့သုံးကာ ငြိမ်းသတ်မှုများ လုပ်ခဲ့ပြီးနောက် ညနေ ၆ နာရီအချိန်တွင် Sancheong စီရင်စု၌ လောင်နေသော တောမီး၏ ၈၅ ရာခိုင်နှုန်းအထိ ငြိမ်းသတ်နိုင်ခဲ့သည်။
အဆိုပါဒေသတွင် တောမီးကြောင့် မြေဧက ၁,၅၅၃ ဟက်တာ ထိခိုက်ပျက်စီးခဲ့သည်ဟု ခန့်မှန်းထားကာ လက်ရှိအထိ လူ လေးဦး ေ-သဆုံး၊ ရှစ်ဦး ဒဏ်ရာရခဲ့ပြီး လူ ၁,၁၄၃ ဦးသည် ဘေးလွတ်ရာ သို့ ရှောင်ရှားခဲ့ရသည်။
ထို့အပြင် Uiseong စီရင်စုတွင် ညနေ ၆ နာရီအထိ တောမီးလောင်ကျွမ်းမှု ၆၀ ရာခိုင်နှုန်း၊ Uiju စီရင်စုတွင် ၈၃ ရာခိုင်နှုန်းအထိ ငြိမ်းသတ်နိုင်သော်လည်း လေပြင်းတိုက်ခတ်မှုကြောင့် မီးငြိမ်းသတ်မှုများကို ခက်ခက်ခဲခဲ လုပ်ဆောင်နေရသည်ဟု ဆိုသည်။
တောမီးများ မငြိမ်းသေးသည့်အတွက် မီးငြိမ်းသတ်နေသူများ ဘေးကင်းလုံခြုံရေးကို ဦးစားပေးသွားမည်ဖြစ်ကာ အိုးအိမ်ဆုံးရှုံးခဲ့ရသူများ၏ အဆင်မပြေမှုများကို ဖြေရှင်းသွားမည်ဖြစ်ကြောင်း ယာယီသမ္မတ ဟန်ဒပ်ခ်ဆိုးက ပြောကြားခဲ့ပြီး မီးငြိမ်းပြီဆိုပါက ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် အပြည့်အ၀ ပံ့ပိုးကူညီသွားမည်ဟု ကတိပြုခဲ့သည်။
Ref: ယွန်ဟပ်နူးစ်