တောင်ကိုရီးယား၌ ပထမဆုံးအကြိမ်ပြည်တွင်းဖြစ် နူရီ အာကာသဒုံးပျံကို အောင်မြင်စွာလွှတ်တင်နိုင်ခဲ့
ဆိုးလ်၊ ဇွန် ၂၁
တောင်ကိုရီးယားသည် ပြီးခဲ့သည့် အောက်တိုဘာလ၌ မအောင်မြင်ခဲ့သော ဒုံးပျံလွှတ်တင်မှုအပြီး၈လအကြာတွင် ဒုတိယအကြိမ်မြောက်ကြိုးပမ်းမှုအဖြစ် ၎င်း၏ ပထမဆုံးပြည်တွင်း၌ တီထွင်ထားသည့် အာကာသဒုံးပျံကို အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ကြောင်း သိပ္ပံဝန်ကြီးဌာနက ပြောကြားခဲ့သည်။
နူရီ ကို ဇွန်လ ၂၁ ရက် အင်္ဂါနေ့ ဒေသစံတော်ချိန် ညနေ ၄ နာရီ (မြန်စာစံတော်ချိန် ညနေ ၁နာရီခွဲ) ၌ ဂိုယောင်းရှိ ဒုံးပျံလွှတ်တင်သည့် နေရာမှ လွှတ်တင်ခဲ့ကြောင်း သိရသည်။
အဆိုပါစမ်းသပ်လွှတ်တင်မှု၌ နူရီသည် ဒမ်မီဂြိုလ်တုအပြင် ဒုံးပျံစွမ်းဆောင်ရည်စစ်ဆေးသည့် ဂြိုလ်တုတစ်စင်းနှင့် သုတေသနရည်ရွယ်ချက်အတွက် ဒေသတွင်းတက္ကသိုလ်လေးခုမှ တီထွင်ခဲ့သော ကုဗပုံစံဂြိုလ်တုလေးခုကိုပါ သယ်ဆောင်သွားကြောင်း သိရသည်။
တစ်ကမ္ဘာလုံး၌ စီးပွားရေးလုပ်ငန်းသုံးဂြိုလ်တုလွှတ်တင်နိုင်သော နိုင်ငံ ခုနှစ်နိုင်ငံသာ ရှိသဖြင့် လွှတ်တင်ခြင်းအောင်မြင်သွားပါက ၎င်းသည် တောင်ကိုရီးယားအတွက် ကြီးမားသော ခြေလှမ်းတစ်ရပ်ဖြစ်လာမည် ဖြစ်ကြောင်းကြောင်း Al Jazeera သတင်းဌာနကဆိုသည်။
ဆယ်စုနှစ်တစ်ခုကြာ တီထွင်ခဲ့ရသော အဆင့်သုံးဆင့်ရှိသည့် နူရီ ဒုံးပျံသည် ဝမ် ၂ ထရီလီယံ (ဒေါ်လာ၁ ဒသမ ၅ ဘီလီယံ) ကုန်ကျခဲ့ကြောင်း သိရသည်။
နူရီသည် အလေးချိန်တန် ၂၀၀ ရှိ၍ ၄၇ ဒသမ ၂ မီတာ (155 ပေ) ရှည်လျားကာ အင်ဂျင် ခြောက်ခု တပ်ဆင်ထားသည်။
အာရှ၌ တရုတ်၊ ဂျပန်နှင် အိန္ဒိယ အားလုံးတွင် အဆင့်မြင့် အာကာသယာဉ်လွှတ်တင်သည့် အစီအစဉ်များရှိကြပြီး မြောက်ကိုရီးယားသည်လည်း ၎င်းတို့၏ ကိုယ်ပိုင် ဂြိုလ်တုလွှတ်တင်နိုင်စွမ်းရှိသည့် နိုင်ငံအဖြစ် မကြာသေးမီက ဝင်ရောက်လာကြောင်း သိရသည်။
Source: Aljazeera