ရှမ်း/တောင် တောင်ကြီးမြို့ပေါ်တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဥပဒေအရ စည်းကမ်းမဲ့မောင်းနှင်သည့် ဆိုင်ကယ်များ၊ ဆိုင်ကယ်ဦးထုပ်မဆောင်းသူများကို ဖမ်းဆီးအရေးယူလျက်ရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။
ထိုသို့ ဖမ်းဆီးရာ၌ တရားဝင်လိုင်စင်ဘီးများကို ယာဉ်စည်းကမ်း လမ်းစည်ကမ်း ဖောက်ဖျက်ပါက ကျပ်ငွေ(၂၀,၀၀၀) ဒဏ်ကြေးရိုက်သည့်အပြင် ဆိုင်ကယ်စီးနင်းခွင့် (၃)ရက် ပိတ်ကြောင်း သိရသည်။
လိုင်စင်မဲ့ ဆိုင်ကယ်များကိုမူ ယာဉ်စည်းကမ်းလမ်းစည်းကမ်း ဥပဒေ၊ နည်းဥပဒေများအရ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလမှစ၍ လိုင်စင်မဲ့ယာဉ်အပါအဝင် စည်းကမ်းမဲ့မောင်းနှင်သူများအား ပညာပေးကာလအဖြစ်သတ်မှတ်ပြီးနောက် ထိုသို့ဖမ်းဆီးအရေးယူမှုများ ဆောင်ရွက်လာခြင်းဖြစ်သည်။
ဖမ်းဆီးစစ်ဆေးရာတွင် မြို့တွင်းလမ်းမကြီးပေါ်များတွင်သာမက အခြားသောလမ်းသွယ်များအတွင်းတွင်လည်း စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်လျှက်ရှိကြောင်း သိရသည်။
” ဒီရက်ပိုင်း ရက်ဆက် စည်းကမ်းမဲ့ရော လိုင်စင်ရှိတာရော အားလုံးကို စိစစ်ပြီးဖမ်းနေတယ်။နောက်တစ်ခု လိုင်စင်မဲ့တွေကိုတော့မြို့အဝင်အထွက်ဂိတ်တွေမှာ တင်းတင်းကြပ်ကြပ် စစ်ဆေးနေတာတွေ့တယ်”ဟု ဒေသခံတစ်ဦးကဆိုသည်။
လက်ရှိတွင် တောင်ကြီးမြို့ပေါ်၌ နေ့ရော ညပါ ယာဉ်စစ်အဖွဲ့များ လိုက်လံစစ်ဆေးမှုများ လုပ်ဆောင်နေသလို အထက ( ၁ ) တောင်ဖက်သစ်တောလမ်းဆုံ – ထိုင်းရိုင်းဖက်တွင်လည်းကောင်း၊ ရေထွက်ဦးလမ်း တရုတ်မယ်သီလရှင်ကျောင်းအနီးတွင်လည်းကောင်း အသီးသီးစစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း သိရသည်။